ရန်ကုန်၊ ဇွန် ၁၄
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်သော ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က မြန်မာနိုင်ငံအပေါ် ILO Constitution Article 33 ကျင့်သုံးမှုအစီအမံများဖြင့် စောင့်ကြည့်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းအတွက် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA အနေဖြင့် အလုပ်သမားများစွာ မှီခိုလုပ်ကိုင်လျက်ရှိသော မြန်မာ့ CMP လုပ်ငန်းကဏ္ဍအတွက် များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း ၁၃-၆-၂၀၂၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။
မြန်မာ့ CMP လုပ်ငန်းကဏ္ဍတွင် အထည်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်း နှင့် လျှပ်စစ်ပစ္စည်း တပ်ဆင်ခြင်းလုပ်ငန်း စသည့် လုပ်ငန်းများ ပါဝင်ပါကြောင်း၊ ၎င်းလုပ်ငန်းစက်ရုံများသည် ကုန်ကြမ်းပေး၊ ကုန်ချောယူ (CMP လက်ခစား) စနစ်ဖြင့်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း၊ CMP လက်ခစား စနစ်မှာ လုပ်ငန်းအပ်နှံသူနှင့် နိုင်ငံတကာကုန်အမှတ်တံဆိပ် (Brand) များက ကုန်ကြမ်းပစ္စည်းနှင့် လိုအပ် သော ဆက်စပ်ပစ္စည်းများအားလုံးကို ဝယ်ယူပေးပို့၍ (CMP) စက်ရုံတွင် ထုတ်လုပ်ပြီး ကုန်ချောပစ္စည်း ကို လုပ်ငန်းအပ်နှံသူနှင့် နိုင်ငံတကာကုန်အမှတ်တံဆိပ်၏ ညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်တင်ပို့ရသော လုပ်ငန်းဖြစ်ကြောင်း ဖော်ပြထားသည်။
CMP လုပ်ငန်းတွင် စက်ရုံဘက်မှရသော လက်ခစားတန်ဖိုးမှာ ကုန်သွယ်မှုတန်ဖိုး၏ ပျမ်းမျှ ၁၀% ခန့်ဖြစ်ပြီး CMP စက်ရုံများတွင် စုစုပေါင်း အလုပ်သမားဦးရေ ၇၀၀,၀၀၀ ဝန်းကျင်နှင့် ဆက်စပ် လုပ်ငန်းများတွင် အဆိုပါ အလုပ်သမားဦးရေ၏ ၂ ဆဝန်းကျင် လုပ်ကိုင်လျက်ရှိပြီး ၎င်းတို့အပေါ် မှီခိုနေ သူမိသားဝင်ဦးရေမှာ ၄ ဆဝန်းကျင်ရှိကြောင်း၊ မြန်မာ့ CMP လုပ်ငန်းကဏ္ဍတွင် သက်ဆိုင်ရာ နိုင်ငံတကာဈေးကွက်များမှ လုပ်ငန်းအပ်နှံသူ ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့သတ်မှတ်ပြဌာန်းသည့် လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို CMP စက်ရုံများက တိကျသေချာစွာ လိုက်နာနိုင်မှသာ အလုပ် အပ်နှံကြခြင်းဖြစ်ကြောင်း၊ မြန်မာ့ CMP လုပ်ငန်း အထည်ချုပ်ကဏ္ဍတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA ၏ အသင်းဝင်စက်ရုံပေါင်း ၅၂၃ ရုံရှိသည့်အနက် ၆၀% ခန့်မှာ ဥရောပသမဂ္ဂဈေးကွက်သို့ လည်းကောင်း၊ ၂၀% ခန့်မှာ ဂျပန်ဈေးကွက်နှင့် ကျန် ၂၀% ခန့်မှာ အခြားဈေးကွက်များသို့လည်းကောင်း တင်ပို့လျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်သားအင်အားအများအပြားဖြင့် လုပ်ကိုင်ရသော CMP လုပ်ငန်းကဏ္ဍရှိစက်ရုံ အလုပ်ရုံများသည် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA မှ ဆောင်ရွက်လျှက်ရှိသော ကျင့်ဝတ်စည်းကမ်း လိုက်နာမှု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုအစီအစဉ်ကို လိုက်နာ ဆောင်ရွက်ကြရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ILO မှ ဆုံးဖြတ်သော Article 33 ၏ အကြံပြုလုပ်ငန်းစဉ်များနှင့်စပ် လျဉ်း၍ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး တိုးတက်မှုကို ရှေးရှု၍ MGMA အနေဖြင့် ILO အပါအဝင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စားလှယ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ CMP လုပ်ငန်း၏ လုပ်ငန်းစဉ်များကို သိရှိလေ့လာလိုပါက Eurocham Myanmar ၏ ထုတ်ပြန်ချက်ဖြစ်သော MYANMAR GARMENT SECTOR FACTSHEET 2.0 (NOVEMBER 2023) တွင် လေ့လာနိုင်ပါကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း က ကြေညာထားခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment