နေပြည်တော်၊ ဇွန် ၆
မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အလုပ်သမားဝန်ကြီးဌာန က ယနေ့ (၆-၆-၂၀၂၅) ရက်စွဲဖြင့် အသိပေးချက် ထုတ်ပြန်ထားသည်။
ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ ကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သော ဆုံးဖြတ်ချက် တစ်ရပ်ကို ချမှတ်ခဲ့ကြောင်း၊ အဆိုပါဆုံးဖြတ်ချက်ကို လေ့လာခဲ့ရာ ILO ၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်မှုများအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအစိုးရအပေါ် ILO မျက်နှာစာမှ တစ်ဆင့် ဖိအားပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တစ်ဖက်သတ် တောင်းဆိုထားသည့် ဆုံးဖြတ်ချက် တစ်ရပ်ဖြစ်ကြောင်း၊ ILO မှ ချမှတ်သော ဆုံးဖြတ်ချက်သည် နိုင်ငံရေးကို ဖိအားပေးလို၍ ဆုံးဖြတ်ထားသည့် အချက်အလက်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လုပ်ကိုင်နေကြသည့် အလုပ်ရှင်များ၊ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ မရှိနိုင်သောကြောင့် စိုးရိမ်မှု မရှိဘဲ လုပ်ငန်းခွင်များတွင် အေးချမ်းစွာ ဆက်လက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။
မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အလုပ်သမားထု၏ အခွင့်အရေးများ ဥပဒေနှင့်အညီ တိုးတက်မှုရရှိရေး၊ လူမှုဘဝများဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးအတွက် ILO အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက်ထိတွေ့လျက် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုကို မထိပါးစေသော ပူးပေါင်းမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန က အသိပေး ထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment