ပေကျင်း၊ ဇွန် ၂၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် လျှပ်စစ် transformer များ၊ ဓာတ်ကြိုးများနှင့် လျှပ်စစ်နည်းပညာဆိုင်ရာပစ္စည်းများ ထုတ်လုပ်သည့် TBEA ကုမ္ပဏီမှ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ ၂၃-၆-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် တီရန်ကျင်းမြို့ရှိ TBEA ရုံးချုပ်သို့ သွားရောက်လေ့လာပြီး အလုပ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့သွားရောက်လေ့လာစဉ် TBEA ကုမ္ပဏီသည် မြန်မာနိုင်ငံအပါအဝင် ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တာဂျစ်ကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ကာဂျစ်စတန်၊ အန်ဂိုလာ၊ ဇမ်ဘီးယား စသည့် နိုင်ငံများ၌ လျှပ်စစ်စီမံကိန်းများ ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ၎င်းတို့ကုမ္ပဏီသည် transformer ပုံစံမျိုးစုံ၊ လျှပ်စစ်ကေဘယ်လ်ဝါယာမျိုးစုံနှင့် လျှပ်စစ် power grid လိုင်းများ၊ နည်းပညာများကို အောင်မြင်စွာ လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။
ထို့နောက် TBEA ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာရှိ Taishan Hall ၌ တွေ့ဆုံဆွေးနွေးစဉ် TBEA ၏ International Operations Department မှ ညွှန်ကြားရေးမှူး Mr. Liu Zhiyong က ၎င်းတို့ကုမ္ပဏီသည် သက်တမ်းရင့် လျှပ်စစ်ပိုင်းဆိုင်ရာ စီမံကိန်းမျိုးစုံကို ဆောင်ရွက်နိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် လျှပ်စစ်စီမံကိန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပြီးလည်း ပိုမိုကောင်းမွန်ပြည့်စုံအောင် လိုအပ်သည်များကို အကောင်းဆုံး ထောက်ပံ့ပေးလိုပါကြောင်းဖြင့် ဆွေးနွေးခဲ့သည်။
မြန်မာသံအမတ်ကြီးက ပြန်လည်ဆွေးနွေးရာတွင် TBEA တီရန်ကျင်းရုံးချုပ်သို့ ယခုကဲ့သို့ လာရောက်လေ့လာခွင့် ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအင် လိုအပ်ချက်ရှိသည်ဖြစ်ရာ TBEA ၏ ကျွမ်းကျင်မှုဖြင့် မြန်မာလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထင်ရှားသည့် အကျိုးရလဒ်များ ဖော်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာ၌ မျှမျှတတဖြင့် နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့ပြင် လျှပ်စစ်စီမံကိန်းများနှင့်စပ်လျဉ်း၍ နည်းပညာနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး တူညီသည့်ရည်မှန်းချက်အတိုင်း နှစ်ဖက်အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment