ပုဇွန်တောင်၊ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ မူလတန်းအရွယ် ကျောင်းသား/ကျောင်းသူများ နည်းစနစ်မှန် သွားတိုက်ခြင်း အမူအကျင့်စွဲမြဲပြီး သွားနှင့်ခံတွင်းရောဂါ များမှ ကာကွယ်နိုင်စေရန် ရည်ရွယ်၍ After Lunch Tooth Brushing Activity ကို ကျန်းမာရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကွန်စတန် ဦးဆောင် သည့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်း၌ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၈) အခြေခံပညာမူလတန်း ကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(သွားကျန်းမာ) ဒေါက်တာကွန်စတန်က သွားတစ်ချောင်းနှင့် သွားဖုံးသား ဖွဲ့စည်း တည်ဆောက်ထားပုံ၊ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ သွား ပိုးစားရောဂါဖြစ်ပွားလာပုံနှင့်နောက်ဆက်တွဲဖြစ်စဉ်များ၊ စစ်မှန်သောသွားတိုက်နည်းအကြောင်းများ ရှင်းလင်းပြောကြားခြင်း၊ သွားနှင့်ခံတွင်းရောဂါစစ်ဆေးပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး စစ်ဆေးခြင်းများဆောင်ရွက်၍ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် သာကေတအထူးကုဆေးရုံကြီးတို့မှ သွားဘက်ဆိုင်ရာဆရာဝန်များက စနစ်မှန်သွားတိုက်နည်းကို သရုပ်ပြပုံနှင့်တကွ လက်တွေ့သရုပ်ပြသင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ After Lunch Tooth Brushing Activity ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနန်းလှထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေး နှင့်အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က လိုအပ်သည် များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်
https://t.me/MyanmarNationalPost





No comments:
Post a Comment