မန္တလေး၊ ဇူလိုင် ၁၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ဇူလိုင်လ(၁၄)ရက်နေ့ နံနက်ပိုင်းကမန္တလေးတိုင်းဒေသကြီး၊ တိုင်းပါတီရုံးအစည်းအဝေးခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ နှင့်တွေ့ဆုံစဉ် နိုင်ငံတိုးတက် ကောင်းမွန်အောင် လုပ်ဆောင်လိုသောစိတ်၊ နိုင်ငံ့တာဝန် ယူလိုသောစိတ်များဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဆောင်ရွက်ကြရန် မှာကြားသည်။
ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း ဖြစ်စဉ်များ၊ လွတ်လပ်ရေးရပြီးနောက် ဝါဒမှိုင်းကြောင့် စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ရသည့် ဖြစ်စဉ်များအား ရှင်းလင်း ပြောကြားခဲ့ပြီး (၂၀၁၀)ခုနှစ်တွင် ပြည်ခိုင်ဖြိုးအစိုးရ ပေါ်ပေါက်ခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် အောင်မြင်စွာ စတင်လျှောက်လှမ်းနိုင်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖီသွားခဲ့ကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်နည်းလမ်းဖြင့် ဖြေရှင်းခဲ့မှုကြောင့် နိုင်ငံတော်တွင် လက်နက်ကိုင် အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ကြောင်း၊ နိုင်ငံရေး ဆိုသည်မှာ နိုင်ငံ့အရေး၊ နိုင်ငံ ကောင်းအောင် ဆောင်ရွက်ရေးပင် ဖြစ်ကြောင်း၊ နိုင်ငံမတည်မငြိမ် ဖြစ်ရခြင်း၊ သောင်းကျန်းမှု အဓွန့်ရှည်ရခြင်းများ နှင့်ပတ်သက်၍ အကြောင်းအရာများစွာ ရှိကြောင်း၊ လက်ရှိ နိုင်ငံတော်၏ အခြေအနေမှာ ပြည်ပနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးအခြေအနေရှိလာကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် မိမိတို့ ပါတီ အနိုင်ရရှိရေးအတွက် ဒေသအခြေအနေများ အပေါ် မူတည်၍ ကြိုးစားလုပ်ကိုင်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ပါတီအောင်နိုင်ရေးအတွက် ပါတီ ဌာနချုပ်မှ ချမှတ်ပေးထားသော လမ်းညွှန်ချက် လုပ်ငန်းစဉ်များအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌများမှ ဒေသအခြေအနေများ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် အစီအမံများအား အသီးသီး တင်ပြကြသည်။
ဆက်လက်၍ ပါတီ ဗဟို အလုပ်အမှုဆောင် ဒေါက်တာ မောင်သင်း မှ စည်းရုံးရေး ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံး သတိထား ဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန် အချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ ခရိုင်/မြို့နယ်များ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ထပ်ဆင့်ရှင်းလင်း တင်ပြခဲ့သည်။
ရှင်းလင်းတင်ပြမှုများ အပေါ် ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးလှထွန်းမှ ပေါင်းစပ်ညှိ နှိုင်း ဆွေးနွေးပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် တိုင်းပြည်ကောင်းအောင် လုပ်လိုသောစိတ်၊ နိုင်လိုသောစိတ်၊ အောင်လိုသောစိတ်ဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆောင်ရွက်သွားကြ စေလိုကြောင်း၊ မိမိတို့ပါတီသည် တိုင်းပြည်ကောင်းအောင် ဆောင်ရွက်ကြမည့် စိတ်ကောင်း၊ စေတနာကောင်းနှင့် ဆောင်ရွက်လိုသူများဖြင့် ဖွဲ့စည်းထားသည့် ပါတီ ဖြစ်ကြောင်း၊ ပါတီ၏ ဆောင်ပုဒ် ဖြစ်သည့် စိတ်ဓါတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး ဆိုသည့်အတိုင်း ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment