စည်းကြပ်ခွန် တိုးမြှင့်မှုများကြောင့် ဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်သည့် အလားအလာရှိနေစဉ် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းရန် အီတလီ တိုက်တွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စည်းကြပ်ခွန် တိုးမြှင့်မှုများကြောင့် ဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်သည့် အလားအလာရှိနေစဉ် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းရန် အီတလီ တိုက်တွန်း


ရောမ၊ ဇူလိုင် ၁၅ 

လက်ရှိလုပ်ဆောင်နေသော ကုန်သွယ်ရေးဆွေးနွေးမှုများတွင် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ပါက ဥရောပသမဂ္ဂ (အီးယူ) အနေဖြင့် အမေရိကန် ကုန်ပစ္စည်းများအပေါ်  ယူရိုဘီလီယံနှင့်ချီကာ တန်ပြန်အခွန်စည်းကြပ်ရန် အသင့်ပြင်ဆင်ထားကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီက ဇူလိုင် ၁၄ ရက်၌ ပြောကြားခဲ့သည်။

အီးယူအနေဖြင့် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် နည်းလမ်းများ ရှိသော်လည်း အပြန်အလှန် ဆွေးနွေးခြင်းကသာ ရှေ့ဆက်သွားမည့် ဦးစားပေး လမ်းကြောင်းအဖြစ် ဆက်ရှိနေသည်ဟု အီတလီ နေ့စဉ်ထုတ်သတင်းစာ Il Messaggero က ဇူလိုင် ၁၄ ရက်တွင် ဖော်ပြခဲ့သည့် အင်တာဗျူးတစ်ခု၌ တာဂျာနီက အလေးအနက်ပြောကြားခဲ့သည်။ "အခွန်စည်းကြပ်ခြင်းဟာ အမေရိကန် အပါအဝင် ဘက်အသီးသီးကို ထိခိုက်စေမှာပါ။ စတော့ဈေးကွက်ကြီး ပြိုလဲသွားမယ်ဆိုရင် အမေရိကန် ပြည်သူတွေရဲ့ ပင်စင်လစာတွေ၊ စုဆောင်းငွေတွေ ဆုံးရှုံးသွားနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။

အမေရိကန်အနေဖြင့် အီးယူနှင့် မက္ကဆီကိုနိုင်ငံတို့မှ သွင်းကုန်များအပေါ်  ဩဂုတ် ၁ ရက်မှစ၍ စည်းကြပ်ခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁၂ ရက်၌ ကြေညာခဲ့ပြီးနောက် တာဂျာနီ၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းသည် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ တာဝန်ရှိသူများအကြား ကုန်သွယ်ရေး သဘောတူညီမှု ရရှိရေးအတွက် ကြိုးပမ်းနေချိန်တွင် ထရမ့်အစိုးရက ချမှတ်လိုက်သော စည်းကြပ်ခွန် မူဝါဒများကြောင့် လတ်တလော တင်းမာမှုများ အရှိန်မြင့်တက်လာသည့် လက္ခဏာပင်ဖြစ်သည်။

အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကလည်း အတ္တလန္တိတ်ဖြတ်ကျော် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနိုင်သည့် အလားအလာအပေါ်  စိုးရိမ်ကြောင်း ပြောဆိုထားသလို ထိုအခြေအနေက နှစ်ဖက်စလုံးကို အထိနာစေမည်ဟု သတိပေးထားသည်။ 

"ကျွန်မတို့ အစိုးရဟာ ဥ‌ရောပကော်မရှင်နဲ့ရော စည်းကြပ်ခွန်ဆိုင်ရာ ဆွေးနွေးမှုတွေမှာ ပါဝင်တဲ့ ဘက်အသီးသီးနဲ့ပါ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံနေပါတယ်" ဟု မယ်လိုနီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ "အနောက်ကမ္ဘာမှာ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားလာမယ်ဆိုရင် ကျွန်မတို့ အတူတကွ ကိုင်တွယ်ဖြေရှင်းနေရတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ ကျွန်မတို့အားလုံးကို ပိုပြီးအားနည်းသွားစေပါလိမ့်မယ်။ ဥရောပဟာ မိမိတို့အကျိုးစီးပွားကို ကာကွယ်နိုင်တဲ့ စီးပွားရေးအင်အားကို ပိုင်ဆိုင်ထားသလို မျှမျှတတရှိတဲ့ သဘောတူညီချက် တစ်ရပ်ကိုလည်း ရရှိထားပါတယ်" ဟု ၎င်းက ဆိုသည်။

အီတလီမှာ အမေရိကန်၏ စည်းကြပ်ခွန်များကြောင့် အထိအနာဆုံး အီးယူနိုင်ငံများထဲတွင် ပါဝင်လာမည်ဖြစ်ကြောင်း မီလန်မြို့အခြေစိုက် ကမ္ဘာ့နိုင်ငံရေးလေ့လာမှုဆိုင်ရာ အင်စတီကျု၏ ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအရ သိရသည်။ စည်းကြပ်ခွန် ၃၀ ရာခိုင်နှုန်း သတ်မှတ်ခံရနိုင်သည့် အခြေအနေတွင် ဂျာမနီနိုင်ငံ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) မှာ စည်းကြပ်ခွန် ကင်းလွတ်သည့် အခြေအနေနှင့်  နှိုင်းယှဉ်ပါက ဝ.၅ ရာခိုင်နှုန်းခန့် ကျုံ့ဝင်သွားမည်ဖြစ်ကာ အီတလီနိုင်ငံ၏ ဂျီဒီပီမှာမူ ဝ.၃၆ ရာခိုင်နှုန်းနီးပါး ကျုံ့ဝင်သွားမည်ဟု သိရသည်။

အီတလီတောင်ပိုင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (SVIMEZ) က အီတလီ ပို့ကုန်များအပေါ်  အမေရိကန်၏ စည်းကြပ်ခွန် ကောက်ခံမှုများကြောင့် သက်ရောက်နိုင်ခြေအပေါ်  ခန့်မှန်းသုံးသပ်ချက် ထုတ်ပြန်ခဲ့ရာ အဆိုပါ စည်းကြပ်ခွန်များ စတင်အသက်ဝင်လာချိန်တွင် ပို့ကုန်ပမာဏ ငါးပုံတစ်ပုံနီးပါး လျော့ကျကာ ကုန်သွယ်ရေးတွင် ယူရို ၁၂.၄ ဘီလီယံ ဆုံးရှုံးနိုင်သည်ဟု ခန့်မှန်းထားသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)