ကမ္ဘောဒီးယားဘက်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ကြောင်း ထိုင်းကြည်းတပ် ဆို၊ နယ်စပ်ပဋိပက္ခပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ကမ္ဘောဒီးယား ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘောဒီးယားဘက်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ကြောင်း ထိုင်းကြည်းတပ် ဆို၊ နယ်စပ်ပဋိပက္ခပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ကမ္ဘောဒီးယား ဆို





ဘန်ကောက်/ ဖနွမ်းပင်၊ ဇူလိုင် ၂၉ 

ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်သော်လည်း ထိုင်းဘက်က နှစ်ဖက်ရှေ့တန်းတပ်ဖွဲ့ တပ်မှူးတို့ စေ့စပ်ညှိနှိုင်းမှုရရှိရန် ကြိုးစားလျက်ရှိကြောင်း၊ အချိန်ကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီအထိ ရွှေ့ဆိုင်းထားကြောင်း ထိုင်းနိုင်ငံ ကြည်းတပ်က ဇူလိုင် ၂၉ ရက်က ဆိုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဇူလိုင် ၂၉ ရက်တွင် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် သဘောတူညီချက်အသက်ဝင်သည့် ပထမဆုံးအချိန်တွင်ပင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသတွင် အပစ်အခတ်ရပ်စဲခဲ့ကြောင်း၊ သို့သော် သဘောတူညီချက်အသက်ဝင်ပြီးနောက် ကမ္ဘောဒီးယားဘက်က နေရာအများအပြားတွင် လက်နက်များသုံး၍ ထိုင်းပိုင်နက်ကို တိုက်ခိုက်လျက်ရှိကြောင်း ထိုင်းနိုင်ငံ ကြည်းတပ် ပြောရေးဆိုခွင့်ရှိသူ Winthai Suvari က ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။ ထိုင်းဘက်က တရားဝင် ခုခံကာကွယ်ပိုင်ခွင့် ဘောင်အတွင်းမှ သင့်လျော်သော တန်ပြန်အရေးယူမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဇူလိုင် ၂၈ ရက် ညပိုင်းတွင် အပစ်အခတ်ရပ်စဲပြီးနောက် နယ်စပ်ဒေသတစ်နေရာသည် ကမ္ဘောဒီးယား နှောင့်ယှက်မှုများခံခဲ့ရရာ နှစ်ဖက် ထပ်မံအပြန်အလှန်ပစ်ခတ်မှုများ နံနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ အခြား ဒေသတစ်နေရာတွင်လည်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုသည် ဒေသစံတော်ချိန် ဇူလိုင် ၂၉ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံ ကြည်းတပ်က သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်း- ကမ္ဘောဒီးယား နယ်စပ်ဒေသအားလုံး အပစ်အခတ်ရပ်စဲခဲ့ကြပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ စစ်တပ်က အဆိုပါနေ့ အစောပိုင်းတွင် လူမှုကွန်ရက်မှ တစ်ဆင့် ပြောကြားခဲ့သည်။ 

နှစ်နိုင်ငံ ခေါင်းဆောင်တို့ အပစ်အခတ်ရပ်စဲရန် သဘောတူပြီးနောက် နယ်စပ်အငြင်းပွားမှုဖြစ်ပွားရာဒေသတွင် လက်နက်ကိုင်ပဋိပက္ခများ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

“အပြုသဘောဆောင်တဲ့ ရလဒ်ကတော့ စစ်ရေးဇုန်အားလုံး အပြန်အလှန်ပစ်ခတ်မှုတွေ နောက်ထပ် ထပ်မဖြစ်တာပါပဲ” ဟူ၍ ၎င်းက ပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထိရောက်မှုရှိစွာ ဖော်ဆောင်နိုင်ရေးကို သေချာစေရန်အတွက် နှစ်ဖက် ရှေ့တန်းတပ်မှူးတို့သည် ဇူလိုင် ၂၉ ရက်နံနက်ပိုင်းတွင် အလွတ်သဘော အစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။  

ဇူလိုင် ၂၈ ရက် ညသန်းခေါင်ယံ အပစ်အခတ်ရပ်စဲရေး အသက်ဝင်ပြီးနောက် ကမ္ဘောဒီးယားနှင့် ထိုင်း နယ်စပ်အခြေအနေသည် ပြေလျော့ကောင်းမွန်မှုများရှိလာခဲ့ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက်က ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

 “ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံက မလေးရှားနိုင်ငံ အထူးအစည်းအဝေးမှာ ရရှိခဲ့တဲ့ သဘောတူညီချက်စိတ်ဓာတ်အရ အပစ်အခတ်ရပ်စဲရေးဟာ ဇူလိုင် ၂၈ ရက် သန်းခေါင်ယံမှာ အသက်ဝင်မှာ ဖြစ်ပြီး ရှေ့တန်းအခြေအနေကလည်း ပြေလျော့ကောင်းမွန်သွားပါပြီ” ဟူ၍ ၎င်းက လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ၏ ကြီးမှူးကျင်းပမှုအောက်တွင် ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် ဇူလိုင် ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါနေ့ ည ၁၂ နာရီမှစ၍ “ချက်ချင်း၊ ခြွင်းချက်မရှိ” အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြရာ နှစ်နိုင်ငံ ရက်အနည်းငယ်ဆက်တိုက်ကြာမြင့်ခဲ့သော နယ်စပ်ပဋိပက္ခကို အဆုံးသတ်ခဲ့သည်။ နှစ်နိုင်ငံသည် ဇူလိုင် ၂၉ ရက် နံနက် ၇ နာရီတွင် ဒေသတွင်း တပ်မှူးတို့အား အလွတ်သဘောအစည်းအဝေးခေါ်ယူကျင်းပရန်နှင့် ဩဂုတ် ၄ ရက်တွင် ကမ္ဘောဒီးယားဘက်က နယ်စပ်ရေးရာ ပူးပေါင်းကော်မတီ အစည်းအဝေး ကြီးမှူးကျင်းပရန်လည်း သဘောတူညီခဲ့ကြောင်း သိရသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)