ဒေသခံ ရဟန်းရှင်လူပြည်သူတွေကို ဝမ်းမြောက် ပျော်ရွှင်ခွင့် ပေးလိုက်ပါ ကိုရွှေဘ ရယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသခံ ရဟန်းရှင်လူပြည်သူတွေကို ဝမ်းမြောက် ပျော်ရွှင်ခွင့် ပေးလိုက်ပါ ကိုရွှေဘ ရယ်










နိုင်ငံတော်အတွင်း ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအခင်းအကျင်းမှာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ပြီး အကြမ်းဖက်နည်းလမ်းနဲ့ အာဏာ ပြန်ရလိမ့်မယ်လို့ မျှော်လင့်နေတဲ့ နီပိန်း အတွေးနဲ့ ရူးမိုက်မှု ပြဿနာဖြစ်ပါတယ်။ နီပိန်းတွေက လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းတဲ့အခါကြတော့ PDF တဲ့။ မြန်မာလို အဓိပ္ပာယ်က (ပြည်သူ့ကာကွယ်ရေး)လို့ ခေါင်းစဉ်တပ်ထားတယ်။ ပြည်သူ့ကာကွယ်ရေးလို့ ခေါင်းစဉ်တပ်ထားပြီး ခေါင်းစဉ်နဲ့ အညီ မှန်မှန်ကန်ကန် ရပ်တည်လုပ်ဆောင်တယ်ဆိုရင်တော့ PDF တွေကြောင့် အများပြည်သူအတိဒုက္ခေရောက်ရတယ်ဆိုတဲ့ အဖြစ်မျိုးတွေ ဘယ်ဖြစ်ပါ့မလဲ။

ပြည်သူ့ကာကွယ်ရေးလို့ ခေါင်းစဉ်တပ်ထားတဲ့ အကြမ်းဖက်သမားတွေက ငါနဲ့မတူ ငါ့ရန်သူ၊ သူတို့ကို ထောက်ခံအားပေးခြင်းမရှိတဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကိုပဲ ပစ်မှတ်ထားပြီး ရက်စက်စွာ သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့အခါကြတော့ ပြည်သူ့ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့က ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေပါတယ်။ အပြောနဲ့ အလုပ်က မိုး နဲ့ မြေ လို ကွာခြားနေပါတယ်။ ခေါင်းစဉ်တပ်ထားတာတော့ ကောင်းပေမယ့် လုပ်ရပ်တွေက အောက်တန်းကျ ယုတ်မာရိုင်းစိုင်းလွန်းတယ်။ ပုံပမာပြရရင် PDF ဆိုတာဟာ မင်းသားခေါင်းစွပ်ထားတဲ့ ဘီလူးတွေလို့ တင်စားနိုင်သလို ဇာတ်တူသားစားသူတွေလို့လည်း ဆိုနိုင်ပါတယ်။ စစ်တမ်းများအရ တရားဝင် ထွက်ပေါ်လာတဲ့ ကိန်းဂဏန်းများအရဆိုရင် PDF အကြမ်းဖက်အဖွဲ့များနဲ့ တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့ အပြစ်မဲ့ရဟန်းရှင်လူပြည်သူ သေဆုံးရတဲ့အရေအတွက်ဟာ (၉၇၀၀)ကျော်သွားခဲ့ပါပြီ။

PDF တွေက ရက်စက်ယုတ်မာလာတာနဲ့အမျှ တပ်မတော်သား (ရွှေဘ)တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါလာပါတယ်။ ပြည်တွင်းရေးမှာ ရဲတပ်ဖွဲ့(ကိုလှရွှေ)များရဲ့ အခန်းကဏ္ဍဟာ အဓိကဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲများက သတ်မှတ်ထားပေမယ့် PDF တွေ အလွန်အမင်း ရက်စက်ယုတ်မာရိုင်းစိုင်းလာတဲ့ အခြေအနေမှာ ကိုလှရွှေများဟာ ဥပဒေစိုးမိုးရေးကို အလေးမထားဘူး။ PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုတွေကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာတဲ့ ပြဿနာတွေ၊ အများပြည်သူက တာဝန်သိစိတ်နဲ့ ကိုလှရွှေများကို သတင်းပေးတိုင်ကြားတဲ့အခါ ကိုလှရွှေများ က အကြမ်းဖက်သမားကို သတင်းပြန်ပေးလို့ သတင်းပေးတိုင်ကြားတဲ့ ပြည်သူများမှာ အတိဒုက္ခရောက်ခဲ့ရလေတော့ တချို့သော ကိုလှရွှေများဟာ ကိုယ့်လူ သူ့ဘက်သား ဖြစ်နေတာကို ပြည်သူများက သိမြင်နားလည်လာကြတယ်။ အလွန်အမင်း ရက်စက်ယုတ်မာတဲ့ PDF တွေကို ရွံမုန်းသလိုပဲ ကိုလှရွှေ တချို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို အကြောင်းပြုပြီး ဖရဲသီးကို ကြောက်ရတဲ့ပြဿနာက ပေါ်လာတယ်။ ဒါကြောင့် ရွှေဘတွေရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါလာခြင်း ဖြစ်ပါတယ်။

သာဓကအားဖြင့် ပြောရရင် PDF တွေအလွန်အမင်း ဆိုးသွမ်းနေချိန် ကန့်ဘလူနယ်မှာ အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် အတိဒုက္ခရောက်နေသူတွေကို ဆရာတော်ဦးဝါသဝ က ပြည်သူ့စစ်ဖွဲ့ပေးတယ်။ ပြည်သူ့စစ်သင်တန်းတက်ပြီးတဲ့အခါ ကိုယ့်ရပ်ကိုယ်ရွာမှာ ပြန်ပြီး ကာကွယ်ရေးလုပ်ကြရတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ တပ်မတော်အရာ၊ တပ်မတော်သားများနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့အခါ အကြမ်းဖက်နှိမ်နင်းရေးဟာ ထိရောက်အောင်မြင်တယ်။ အကြမ်းဖက်နှိမ်နင်းရေးကို အလေးထားဆောင်ရွက်ပေးတဲ့ တပ်မတော်အရာရှိ၊ တပ်မတော်သားတွေကို ဒေသခံတွေက အမြဲတမ်း ရှိနေစေချင်တယ်။ ဒေသခံပြည်သူများအပေါ် မိသားစုသဖွယ် စောင့်ရှောက်တဲ့ တပ်မတော်အရာရှိတွေကိုဆိုရင် ဒေသခံတွေက ပြောင်းရွှေ့သွားမှာ အလွန်အမင်းစိုးရိမ်ကြတယ်။ မိမိတို့ နယ်ကို ကျလာတဲ့အရာရှိတစ်ယောက် မိမိတို့ ဒေသခံပြည်သူများအပေါ် စေတနာကောင်းတယ်ဆိုရင် ဒေသခံပြည်သူများကလည်း အဲဒီအရာရှိအပေါ် မိသားစုလို၊ မိမိတို့ရဲ့ မှီခိုအားထားရာသဖွယ် ပြန်လည်ပြုစုစောင့်ရှောက်ကြတာကို တွေ့မြင်ခဲ့ရတယ်။

ဒီကာလအစောပိုင်း ကလေးမြို့ဘက်မှာ နယ်မြေရှင်းလင်းရေးအတွက် ရောက်ရှိလာတဲ့ အရာရှိတစ်ယောက်အကြောင်းကို ဒေသခံ ဆရာတော်တွေက ပြောဆိုလို့ ကြားသိခဲ့ရဖူးတာလည်း ရှိတယ်။ အဲဒီ တပ်မတော် အရာရှိ က အရာရှိဆိုပြီး ဟိတ်ဟန်လည်း မရှိ၊ ရွာသူရွာသားများနဲ့ မိသားစုသဖွယ် နေတယ်။ အကြမ်းဖက်သမားများကလည်း အလွန်အမင်းဆိုးသွမ်းနေတဲ့ အချိန်ဖြစ်လေတော့ နယ်မြေရှင်းလင်းရေးဆိုရင်လည်း သူက အမိန့်ပေးရုံသက်သက်မဟုတ်ဘဲ သူကိုယ်တိုင် ရှေ့ဆုံးက ဦးဆောင်ပြီး ရှင်းလင်းတယ်။ ဒီလို အရာရှိမျိုး ရထားတော့ အဲဒီနယ်က လူတွေက ချစ်ကြတာပေါ့။ ရပ်ထဲ ရွာထဲ မူးယစ်သောက်စားပြီး ရမ်းကားတဲ့သူကိုဆိုရင်းလည်း မိသားစုတွေက သူ့ဆီလာအပ်တယ်။ သူဆုံးမမယ်ဆိုရင် ကြိုက်သလို ဆုံးမ လက်ခံသည်အထိပေါ့။ အဲဒီလို ဒေသခံပြည်သူများနဲ့ တသားတည်းဖြစ်နေပြီဆိုတဲ့အချိန် သင်းတန်းတက်ဖို့၊ နယ်ပြောင်းဖို့က အကြောင်းပေါ်လာတတ်တယ်။ တပ်မတော်အရာရှိများဆိုတာကတော့ တာဝန်ပေးအပ်တဲ့ နေရာကို သွားရတာဖြစ်တဲ့အတွက် ဒီနယ်က ဒေသခံတွေလိုလားတိုင်းလည်း သူ့မှာ နေလို့မရဘူး။ တာဝန်ကျရာကို သွားကြရမှာပဲ ဖြစ်ပါတယ်။ ဒီအရာရှိအပေါ်မှာ ယုံကြည်အားကိုးတဲ့ ပြည်သူတွေမှာတော့ မိမိတို့ ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အလေးထား ဆောင်ရွက်ပေးတဲ့ အရာရှိ ဆုံးရှုံးရမယ်ဆိုတော့ ရင်ထဲ ဟာတာတာကြီး ဖြစ်ကျန်ခဲ့တာပေါ့။

ဒါကို ရေးသးတင်ပြခြင်းက တပ်မတော်အရာရှိတိုင်းက ကောင်းပါတယ်၊ တပ်မတော်အရာရှိအားလုံး ခြောက်ပစ်ကင်းသဲလည်းစင်ပါလို့ ပြောလို့ခြင်း မဟုတ်ပါဘူး။ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အခင်းအကျင်းနဲ့ ကိုယ်ကျိုးမဖက် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်တဲ့ တပ်မတော်အရာရှိတွေအပေါ် ပြည်သူများကလည်း မလိုမုန်းထားစိတ်မရှိဘူး။ အလေးဂရုပြုတယ်ဆိုတာလေးကို တာဝန်ရှိသူများ သိစေချင်လို့ပါ။

မှတ်တမ်းတစ်ခုအနေနဲ့ ဂုဏ်ပြုရမယ်ဆိုရင် (၁၅-၇-၂၀၂၅) ရက်နေ့မှာ နောင်ချိုမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများ ဝင်ရောက်နိုင်ခဲ့တဲ့ အခြေအနေ၊ ဒေသခံ သံဃာတော်များ၊ ပြည်သူများနဲ့ ဆုံတွေ့ပြီး တပ်မတော်အရာရှိ၊ တပ်မတော်သားများကလည်း ပင်းပန်းဆင်းရဲကြီးစွာ စစ်ဆင်ရေးဆောင်ရွက်ပြီး ဒေသခံ သံဃာတော်များ၊ ပြည်သူများနဲ့ တွေ့ဆုံချိန်မှာ မိမိတို့မှာ ပါရှိတဲ့ လှူဖွယ်ပစ္စည်းများအား သံဃာတော်များကို ကပ်လှူတယ်။ ဒေသခံ ကလေးသူငယ်တွေကိုလည်း မုန့်ပဲသွားရည်စာတွေ ပေးတယ်။ ဒါက ဓာတ်ပုံမှတ်တမ်းများမှာ မြင်ရတဲ့ မြင်ကွင်း။ ဒီလို မြင်ကွင်းမျိုးကို မျက်မြင်ဒိဋ္ဌမြင်တွေ့ရပြီး ရုပ်သံမှတ်တမ်းတင်ခွင့်ရမယ်ဆိုရင် ပျော်လွန်းလို့ တကယ်ကို ရင်ထဲစို့နင့်ပြီး ဟတ်ထိတဲ့ မြင်ကွင်းမျိုးပဲ။

တပ်မတော်အရာရှိ၊ တပ်မတော်သားအများစုဟာ ရဟန်းသံဃာတော်ကို တွေ့သည်နဲ့ ဂါရဝတရားနဲ့ အရိုအသေ အလေးအမြတ်ပြုတယ်။ သံဃာတော်တွေရဲ့ ပြောဆိုဆုံးမမှုအပေါ် လေးစား လက်ခံတယ်။ အများစုက အဲဒီလို သဘောမျိုး ရှိပါတယ်။ ဗုဒ္ဓဘာသာဝင် မိကောင်းဖခင်တွေက မွေးဖွားလာတဲ့ နိုင်ငံသားကောင်းများဟာ သံဃာတော်များအပေါ် မထေမဲ့မြင်ပြုတယ်ဆိုတာ မရှိပါဘူး။

တချို့သော လာဘ်လာဘကိုသာ ကြည့်တဲ့ ပုဂ္ဂိုလ်များသာလျင် ဘာသာခြားများဆီက လာဘ်လာဘယူပြီး သံဃာတော်များကို မထေမဲ့မြင် ပြုမူစော်ကားတာမျိုးတွေလည်း ကြားသိရဖူးပါတယ်။ တပ်မတော်အရာရှိ၊ တပ်မတော်သား အများစုမှာတော့ သံဃာတော်များအပေါ် အရိုအသေအလေးအမြတ်ပြုကြတာပဲ များပါတယ်။

တိုင်းပြည်တွင်းမှာ ဖြစ်ပေါ်လျက်ရှိသော အခင်းအကျင်းမှာ ပြည်သူများအနေနဲ့လည်း အကြမ်းဖက်သမားတွေရဲ့ သရုပ်မှန်ကို သိမြင်နားလည်လာကြပါပြီ။ တပ်မတော်ကိုသာ တချိန်လုံး ဖောင်းထုပြီး အောက်လုံးထိုးနေတဲ့ လူယုတ်မာ လူရမ်းကားတွေဟာ တပ်မတော်ထက်ပိုပြီး ပြည်သူများအပေါ် ရက်စက်ယုတ်မာတယ်။ လက်နက်အားကိုးနဲ့ အနိုင်ကျင့်စော်ကားတယ်ဆိုတာကို ဒေသခံပြည်သူတွေလည်း သိမြင်နားလည်လာကြပါပြီ။ မိုးကုတ်မြို့ခံ မမနိုင်ဆိုရင် တချိန်က လက်သုံးချောင်းထောင်ခဲ့သည့်တိုင်အောင် PDF က မြို့ခံတွေရဲ့ ကျောက်တွင်းတွေကို သိမ်းတယ်။ စက်ယန္တရားတွေကို အဓမ္မသိမ်းတယ်။ ဒါမျိုးတွေ ကြုံတွေ့လာရတော့ အဆိပ်ပင်ကို ရေမလောင်းတော့ဘူးဆိုတဲ့ အသံထွက်လာတယ်။ တော်လှန်ရေးမှာ ပြည်သူ့မျက်ရည်မပါရဘူး၊ ပြည်သူ့ချည်ဖတ် PDF ဆိုတဲ့ အသံတွေ ထွက်လာတယ်။

ပြည်သူအားလုံးရဲ့ ရင်ထဲမှာ အဲဒီလိုသဘောဆန္ဒတွေ ရှိပါတယ်။ ဒါပေမယ့် အားလုံးကတော့ ဖွင့်ဟပြောဆိုဖို့ မဝံ့ရဲကြဘူးပေါ့။ သူတို့ ကြုံတွေ့ခံစားနေရတဲ့ အခြေအနေ၊ အားကိုးအားထား ပြုစရာ ရွှေဘတွေက လက်တကမ်းမှာ ရှိနေတယ်ဆိုရင်တော့ အရေးကြုံရင် အကူအညီရမယ်။ ရွှေဘတွေနဲ့ အလှမ်းဝေးနေမယ်၊ အကြမ်းဖက်သမားတွေနဲ့ ထိတွေ့နေရတယ်ဆိုရင် သူတို့ရဲ့ ရင်ထဲက ဆန္ဒတွေကို ဖွင့်ဟပြောဆိုဖို့ အခွင့်အခါ မပေးဘူး။ PDF အကြမ်းဖက်သမားအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူတွေမှာ ပြည်သူလူထုအပေါ် ထင်သလို ရက်စက်ယုတ်မာနိုင်တယ်။ ဥပဒေမရှိဘူး။ သူတို့ကို ထိန်းချုပ်မယ့်သူ မရှိဘူး။ အပြစ်မဲ့ ပြည်သူများအပေါ် စိတ်ထင်သလို ရက်စက်ယုတ်မာတယ်။ သတင်းထွက်လာတော့မှ ပြည်ပြေး ဝရမ်းပြေးတွေက လိုင်းပေါ်ကနေ ဘယ်လို အရေးယူပါမယ်။ စုံစမ်းစစ်ဆေးနေပါပြီဆိုတဲ့ ဟန်ရေးပြမှုတွေနဲ့ပဲ ပြီးဆုံးသွားတာ ဖြစ်ပါတယ်။ သူတို့ ဟန်ရေးပြ၊ အသံကောင်းဟစ်နေချိန်မှာ PDF တွေရဲ့ ရက်စက်ယုတ်မာ ရိုင်းစိုင်းမှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေက ဇီဝိန်ချုပ်သွားရပါပြီ။

(၁၅-၇-၂၀၂၅) ရက်နေ့မှာပဲ ရွှေဘိုမြို့နယ်၊ ဝက်လက်မှာ PDF က ဓားပြတိုက်လို့ဆိုတဲ့ သတင်းတစ်ပုဒ် ဖော်ပြထားတယ်။ ဓားပြတိုက်တဲ့ PDF တွေကို PDF ကပဲ ပြန်ဖမ်းတယ်လို့ ဆိုတယ်။ ဓားပြတိုက်တဲ့ ဖြစ်စဉ်မှာတော့ PDF က ဓားနဲ့ ထိုးလို့ ဒေသခံ အမျိုးသားတစ်ဦး သေဆုံးရတယ်။

အခြေအနေ အရပ်ရပ်ကို တွက်ဆကြည့်ရင် ဒီအခင်းအကျင်းမှာ တချို့ တချို့သော ကိုလှရွှေများက အကြမ်းဖက်နှိမ်နင်းရေးကို ခေါင်းရှောင်ချင်ကြတယ်။ အထက်မှာ တင်ပြခဲ့သလို အကြမ်းဖက်သမားများကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာလိုတာမျိုးတောင် ရှိနေသေးတယ်။ ဒီအခင်းအကျင်းမှာက ဟန်ရေးပြနေလို့မရတော့ဘူး။ ဟန်ရေးပြနေရင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ ပိုပြီး အထိနာမယ်။ အတိဒုက္ခရောက်မယ်။

နောင်ချိုမြို့နယ်အတွင်း TNLA/PDF အကြမ်းဖက်စခန်းတွေကို ဆက်တိုက် ရှင်းလင်းဖယ်ရှားသွားတဲ့ အခြေအနေကို မြင်ယောင်ကြည့်၊ ဒေသခံ သံဃာတော်များ၊ ပြည်သူများနဲ့ ရွှေဘတွေရဲ့ မြင်ကွင်းပုံရိပ်ကို မြင်ယောင်ကြည့် အားလုံးကို ဟတ်ထိစေပါတယ်။

ထိုနည်းတူစွာပဲ အကြမ်းဖက်သမားများ ခြေကုတ်ယူထားတယ်ဆိုတဲ့ သပိတ်ကျင်း၊ မိုးကုတ်၊ ကျောက်မဲ အစရှိသော မည်သည့် မြို့ရွာဖြစ်စေ အကြမ်းဖက်စခန်းများကို ရှင်းလင်းဖယ်ရှားပေးရင် ဒေသခံပြည်သူတွေက ကျေးဇူးတင် ဝမ်းမြောက်ကြမှာပဲ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်အဖွဲ့တွေရဲ့ သရုပ်မှန်ကို သိမြင်လာကြပြီဖြစ်လို့ ရွှေဘတွေမှ တပါး တခြား အားကိုးရာ မရှိဘူးဆိုတာကိုလည်း မှန်ကန်စွာ စိစစ်သုံးသပ်ပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားပါ၊ ပြည်ဖျက်မိစ္ဆာတွေကို ဒီထက်ပိုမိုထိရောက် ပြင်းထန်တဲ့ စစ်ဆင်ရေးပုံစံမျိုးနဲ့ နှိမ်နင်းဆောင်ရွက်ပေးပါ။ တိုင်းပြည် ဆင်းရဲတွင်းနက်အောင် လုပ်နေတဲ့ ပြည်ဖျက်မိစ္ဆာတွေကို ရှင်သန်လှုပ်ရှားခွင့် ပေးထားသ၍ တိုင်းပြည်က ဆင်းရဲတွင်းထဲက ရုန်းထွက်ဖို့ မလွယ်ပါဘူး။

ပြည်သူများရဲ့ လူမှုစီးပွားဘဝကို အဓိက ခြိမ်းခြောက်နေတဲ့ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အဖွဲ့များကို ပြတ်သားစွာ ရှင်းလင်းဆောင်ရွက်ပေးပါလို့ ရွှေဘများကို ဦးညွှတ်ဂါရဝပြုရင်း ဒေသခံ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများကိုယ်စား တောင်းဆိုပါရစေလား။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)