နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုအဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုအဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကျင်းပ


နေပြည်တော်၊ ဇူလိုင် ၄

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုအဆင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၅) အစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ (၁) ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက “နိုင်ငံ၏စီးပွားရေး အခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်” ဆိုသည့် နိုင်ငံတော်အကြီးအကဲ၏ မူဝါဒနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်စေရန်နှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

နွေစပါး၊ မိုးစပါးအစီအစဉ် ဆောင်ရွက်ခဲ့မှုကြောင့် မတည်ငွေကျပ်ဘီလီယံ ၂၃၀ အပေါ်တွင် စုစုပေါင်းငွေကျပ် ၇၆၇ ဒသမ ၀၅၄ ဘီလီယံကို တောင်သူများထံသို့ အရင်းမပျောက်မတည်ငွေအဖြစ် ပံ့ပိုးပေးပြီးဖြစ်ကြောင်း၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) အစီအစဉ် ဆောင်ရွက်ခဲ့မှုကြောင့် မတည်ငွေကျပ်ဘီလီယံ ၅၆ ဒသမ ၃၁၀ အပေါ်တွင် စုစုပေါင်းငွေကျပ် ၁၁၅ ဒသမ ၂၆၉ ဘီလီယံကို တောင်သူများထံသို့ အရင်း မပျောက်မတည်ငွေအဖြစ် ပံ့ပိုးပေးပြီးဖြစ်ကြောင်း။

တောင်သူများအား သွင်းအားစုများ အချိန်ကိုက်အချိုးကျသုံးစွဲနိုင်ရေး၊ တစ်ဧက အထွက်နှုန်း တိုးတက်ရန် နည်းပညာပေးလုပ်ငန်းများကို အစီအစဉ်တွင် ပါဝင်သော တောင်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ယခု အစည်းအဝေးတွင် အကြံပြုဆွေးနွေးတင်ပြကြရန် ပြောကြားသည်။

ထို့နောက် ဝန်ကြီးဌာနအသီးသီးမှ ကော်မတီဝင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့၊ ကုမ္ပဏီများ၊ Zoom Application ဖြင့် တက်ရောက်ကြသူများက သက်ဆိုင်ရာကဏ္ဍများ အလိုက် တင်ပြဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆွေးနွေးသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်အစီအစဉ်အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူကြီးကြပ်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်း ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းတို့က ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြကြောင်း၊ အလားတူ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် တောင်သူ လယ်သမားအစုအဖွဲ့ သမဝါယမအသင်းများ၊ ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူများ ပါဝင်သည့်အစုအဖွဲ့ များနှင့် သွင်းအားစုရောင်းချသူများအစုအဖွဲ့တို့က အဓိကပါဝင်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)