အမျိုးသားရေးအတွက် ပြတ်သားသူ (သို့မဟုတ်) မင်းကင်း ဦးမောင်မြင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားရေးအတွက် ပြတ်သားသူ (သို့မဟုတ်) မင်းကင်း ဦးမောင်မြင့်






ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ယခုလက်ရှိ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာတာဝန်ခံ ဆောင်ရွက်နေတဲ့ ဦးမောင်မြင့် ရဲ့ အကြောင်းကို အများပြည်သူ သိရှိလေ့လာနိုင်ရန် ဆက်စပ်အကြောင်းအရာများနဲ့ တင်ပြလိုပါတယ်။ 

ဦးမောင်မြင့်ရဲ့ အကြောင်းကို လေ့လာကြည့်တဲ့အခါ တပ်မတော် အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလ ဦးမောင်မြင့်ထမ်းဆောင်ခဲ့သော တာဝန်များမှာ ပဲခူးတိုင်းဒေသကြီးအခြေစိုက် အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ်တွင် တပ်မမှူးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။၂၀၁၀အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ မင်းကင်းမြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် မတိုင်မီ၂၀၀၄ မှ ၂၀၁၁ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့ကာ ဦးသိန်းစိန်အစိုးရ တက်လာချိန်တွင်လည်း ၂၀၁၁ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ နိုင်ငံခြားရေး ဒုဝန်ကြီးအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၁ မှ ၂၀၁၂ အထိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၁၂ မှ ၂၀၁၆ အထိ စက်မှုဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၅အထွေထွေရွေးကောက်ပွဲ တွင်လည်း မင်းကင်းမဲဆန္ဒနယ်တွင် ၅၁.၈၃ ရာခိုင်နှုန်း ထောက်ခံမဲဖြင့် ဆက်လက်အနိုင်ရခဲ့ပါတယ်။

ပထအကြိမ်လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အတွက် နိုင်ငံဝန်ထမ်း၊ ဒုတိယအကြိမ်လွှတ်တော်မှာ ပါတီအနေဖြင့် အနိုင်မရခဲ့သော်လည်း ဦးမောင်မြင့် ဝင်ရောက်ရွေးကောက်ခံရာ မင်းကင်းမဲ့ဆန္ဒနယ်မှာ အနိုင်ရရှိပြီး လွှတ်တော်အတွင်းမှာ အတိုက်အခံ အမတ်တစ်ဦးအနေနဲ့ အစိုးရရဲ့ လွဲမှားတဲ့ လုပ်ဆောင်ချက်တွေ၊ NLD ပါတီ အမတ်တွေရဲ့ စံချိန်မမီတဲ့ အဆိုတွေကို ပြတ်ပြတ်သားသား ကွက်ကွက်ကွင်းကွင်း မြင်အောင် ဝေဖန်ထောက်ပြ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့်လည်း မင်းကင်း မောင်မြင့် ဆိုတဲ့ နာမည်ဟာ ပိုမိုထင်ရှားလာခဲ့ပါတယ်။

၂၀၂၀၊ ဇွန်လ သတင်းတစ်ပုဒ်မှာ ဦးမောင်မြင့်သည် မင်းကင်းရှိ ကလေးငယ်များ၏ IDOL ဖြစ်တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို တွေ့မြင်ခဲ့ရပါတယ်။ ၂၀၂၀၊ ဇွန် ၂၅ ရက်နေ့က ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောခဲ့တာက “ကျနော် ဗဟုသုတပြောပြမယ်။ ရွာလေးက ၁၅ အိမ်လောက်ပဲရှိတယ်။ ကျောင်းတောင်မှ ကောင်းကောင်းမရှိသေးဘူး။ သူတို့ဟာသူတို့ စာသင်ဝိုင်းလေးလုပ်ထားတယ်။ အဲ့ဝိုင်လေးကို ကျနော်ရောက်သွားတယ်။ ရောက်သွားတဲ့အချိန် ကလေးလေးတစ်ယောက်  ကလေးလေးတွေအုပ်စု တွေ့တယ်ပေါ့ဗျာ။ ကလေးလေးတွေကို ကျနော်က မုန့်လေးတွေကျွေးရင်းနဲ့ "ကဲ...သားတို့ ကြီးရင် ဘာဖြစ်ချင်လဲ .. မင်းတို့ဆန္ဒတွေပြော" တစ်ယောက်ကတော့လည်း စစ်ဗိုလ်ကြီးဖြစ်ချင်တယ်။ တစ်ယောက်က ဆရာဝန်ကြီးဖြစ်ချင်တယ်။ နောက်တစ်ယောက်က ဘာပြောလဲသိလား။ ကျနော်က ဦးမောင်မြင့် ဖြစ်ချင်တယ်တဲ့။ ဦးမောင်မြင့်ဖြစ်ချင်တယ်ဆိုတာ ဘာကိုပြောတာလဲဆိုတော့ ကျနော့လို ဝန်ကြီးဖြစ်ချင်တယ်ဆိုတာကို သူကပြောတာ။ သူက ဦးမောင်မြင့်ဟာ ဝန်ကြီးပဲ။ ဦးမောင်မြင့်ဟာ သူတို့အတွက် IDOL ပေါ့။ သူတို့အတွက် အတုယူစရာလူဆိုတာ သူတို့က သိတယ်” ဟု ဦးမောင်မြင့် က ပြောခဲ့ခြင်းဖြစ်ပါတယ်။

ဒါက ဦးမောင်မြင့်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် လူကြီးတွေသာမက သူတို့နယ်က လူငယ်တွေကပါ လေးစားအားကျပြီး မသိစိတ်မှာ စံထားတဲ့ အခြေအနေမျိုးကို ပြဆိုခြင်း ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ မည်သို့ ဖြစ်မည်ကိုတော့ သူမသိ။ သူ့မဲဆန္ဒနယ်မှာတော့ သူနိုင်မယ်ဆိုတာကို ယုံကြည်ချက်အပြည့်နဲ့ ဦးမောင်မြင့် က လက်မထောင်ခဲ့သူ ဖြစ်ပါတယ်။

လွှတ်တော်တွင်းမှာ ပြည်ဖျက်ပါတီ NLD က ကြီးစိုးနေတဲ့ ကာလ NLD ပါတီက အမတ်တွေရဲ့ ထင်ရာမြင်ရာ အဆိုတင်သွင်းမှုတွေကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြန်လည်ထောက်ပြ ဆွေးနွေးခဲ့တဲ့ ဦးမောင်မြင့်ရဲ့ ဆွေးနွေးတင်ပြချက်တွေက ပြည်သူများကို နိုင်ငံရေးဉာဏ်အလင်းပွင့်စေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 

စာရေးသူ အမှတ်ရမိတဲ့ ဦးမောင်မြင့်ရဲ့ ဆွေးနွေးပြောဆိုချက်တချို့ကို ကောက်နှုတ်တင်ပြရရင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းက Global Green Service ကုမ္ပဏီလီမိတက် နဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့ အကြား ငွေရေးကြေးရေး အရှုပ်အရှင်းကိစ္စ ဆွေးနွေးချက်ဖြစ်ပါတယ်။ ဝန်ကြီးဌာန က GGS ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၄ သန်းကျော် ထုတ်ချေထားပြီး လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့ လုပ်ဆောင်ချက်တွေကို ပြတ်ပြတ်သားသား ဝေဖန်ထောက်ပြသွားခဲ့ပါတယ်။ ထို့အတူ NLD လွှတ်တော်အမတ် က ကျောင်းကောင်စီတွေ ပြန်လုပ်ဖို့၊ အသင်းလေးသင်းမက သတ်မှတ်ဖို့ ထည့်သွင်းဆွေးနွေးခဲ့တာတွေဟာ ကျောင်းနဲ့ အလှမ်းဝေးနေလို့ ဖြစ်ပါလိမ့်မယ်။ ပညာရေးဝန်ကြီးဌာန က ထုတ်ဝေတဲ့ အခြေခံပညာကျောင်းများလက်စွဲ စာအုပ်နဲ့ ပြန်လည်ထောက်ပြပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ဦးမောင်မြင့်ရဲ့ ဆွေးနွေးချက်မှာ ဗိုလ်တေဇ အသင်းထပ်ထည့်ချင်တာကို ပညာသားပါပါနဲ့ တုန့်ပြန်ဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။ ထို့အတူပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်တာကို လက်ခံနိုင်ပေမယ့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့ ဆောင်ရွက်ချက်တွေကိုတော့ လက်မခံနိုင်တဲ့အကြောင်း တုန့်ပြန်ဆွေးနွေးခဲ့ပါတယ်။ အဲဒါက ယခု လက်ရှိ CRPH အကြမ်းဖက်အဖွဲ့ က အောင်ကြည်ညွန့် တင်သွင်းတဲ့အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ကန့်ကွက်တဲ့အချိန်မှာ လွှတ်တော်နာယက က မိုက်မပေးတဲ့ ကိစ္စ၊ မြတ်ဉာဏစိုး က ထောက်ခံဆွေးနွေးတော့ မိုက်ပေးတယ်။ ကျွန်တော်ကိုတော့ တင်ပြခွင့်တောင် မပေးခဲ့ပါဘူး။ ဒါကို ပြန်ကြည့်ရင် နာယကကြီးက အဆိုကို ထောက်ခံဆွေးနွေးမှ မိုက်ပေးတာလားလို့ လွှတ်တော်ချန်နယ်ကို မေးခွန်းထုတ်လာကြလို့ ဒီဖြစ်စဉ်က လွှတ်တော် ဂုဏ်သိက္ခာကျဆင်းစေခဲ့ကြောင်း ဆွေးနွေးပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

အများပြည်သူ သိကြတဲ့အတိုင်းပဲ လွှတ်တော်တွင်းမှာ ပင်နီဝတ် NLD တွေဟာ အာဏာရအဖွဲ့အစည်း၊ လွှတ်တော်တွင်း အင်အားများတာကို အခွင့်ကောင်းယူပြီး ဥပဒေမဲ့ လုပ်ရပ်တွေ၊ အနိုင်ကျင့်မှုတွေ ရှိနေတဲ့ကြားက ဦးမောင်မြင့်ကတော့ NLD အုပ်စုရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ပြည်သူများ ကွက်ကွက်ကွင်းကွင်း မြင်အောင် ထောက်ပြပြောဆိုနိုင်သူ တစ်ဦး ဖြစ်ခဲ့ပါတယ်။

အဲဒီလို ပြည်ပါတီက အမျိုးယုတ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီးတဲ့အချိန်မှာ ဦးမောင်မြင့် ဘယ်လို ဘယ်လို အတွေးပေါ်လာသလဲတော့ မသိပါဘူး။ စာရေးသူသည် အမျိုးသားရေးလှုပ်ရှားမှုထဲမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူတစ်ဦးအနေနဲ့ ဦးမောင်မြင့်ကို သတိပြုမိတာက ဦးမောင်မြင့် ဟာ အမျိုးသားရေးအသင်းအဖွဲ့တွေနဲ့ သီးခြားထိတွေ့မှုတွေ ရှိလာတယ်။ စကားဝိုင်းဆွေးနွေးပွဲတွေ လုပ်လာတယ်။ အမျိုးသားရေးအခမ်းအနားတွေမှာ ဦးမောင်မြင့်ကို ပိုမိုမြင်တွေ့လာရပါတယ်။ ဦးမောင်မြင့်က အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ တွဲလာတဲ့အချိန်မှာလည်း ပြည်ဖျက်ပါတီ NLD ကို ဝန်းရံတဲ့ မီဒီယာတွေ က ဦးမောင်မြင့်ကို ထိုးနှက်တိုက်ခိုက် ရေးသားမှုတွေ လုပ်လာပါတယ်။ ဦးမောင်မြင့် ရဲ့ ဆောင်ရွက်ချက်တွေကို အမျိုးသားရေး သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေက လေးစားဂုဏ်ပြု အသိအမှတ်ပြုတယ်ဆိုတာက ပြည်ဖျက်ပါတီ NLD က အမျိုးယုတ်တွေကို ထိထိမိမိ တုန့်ပြန်နိုင်ခြင်းကြောင့်ပဲ ဦးမောင်မြင့်ကို အသိအမှတ်ပြု လေးစားလာကြခြင်း ဖြစ်ပါတယ်။

သဘောအားဖြင့် ဦးမောင်မြင့်ဟာ စကားနည်းသူ၊ ဝိဝါဒမများတဲ့သူ တစ်ယောက်ပါ။ သူ့အနေနဲ့ အများပြည်သူ အသိမှား အမြင်မှား ဖြစ်နေတာတွေကို တည့်မတ်ပေးလိုတယ်။ အမျိုးသားရေးကို အလေးထားရမယ်ဆိုတဲ့ မက်ဆေ့ကို အများပြည်သူကြား ကျယ်ကျယ်ပြန့်ပြန့် ချပြလိုခြင်းကြောင့် အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ထိတွေ့လှုပ်ရှားလာခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။

ယခင်ကတော့ နိုင်ငံတာဝန်တွေ ထမ်းဆောင်နေရာဖြစ်လို့ အရပ်ဘက် အသင်းအဖွဲ့တွေနဲ့ ထိတွေ့မှုနည်းတယ်။ အတိုက်အခံအဖြစ်နဲ့ ရပ်တည်နေရချိန်၊ အမျိုးသားရေးအသင်းအဖွဲ့တွေနဲ့ ထိတွေ့လှုပ်ရှားဖို့ အခွင့်သာလာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ အသိမှား၊ အမြင်မှား ဖြစ်နေတာတွေကို တည့်မတ်ပေးနိုင်ဖို့ ဦးမောင်မြင့်ဟာ ဆိုရှယ်မီဒီယာကိုလည်း ထိထိရောက်ရောက် အသုံးပြုပါတယ်။ Facebook ကို ကောင်းစွာ အသုံးချလို့ ရတဲ့အချိန် က Facebook ကနေ သူ့အတွေ့အကြုံ၊ သူပေးချင်တဲ့ မက်ဆေ့ကို အများပြည်သူ သိရှိနားလည်အောင် ချပြတယ်။ ပြည်ဖျက်ပါတီ က အာဏာရှင်ဆန်ဆန် နိုင်ငံတော်ဘဏ္ဍာငွေတွေကို အသုံးပြုပြီး အတိုက်အခံအင်အားစုတွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေကို Facebook ပေါ်မှာ သတင်းတောင် ဖြန့်ဝေခွင့်မရအောင် ဖိနှိပ်လာချိန်မှာ လူထုကြားကို ဆင်းပြီး မက်ဆေ့ပေးရသည်အထိ လုပ်ဆောင်ခဲ့ပါတယ်။ ယခု နောက်ပိုင်းမှာတော့ Tiktok ကနေလည်း အများပြည်သူ သိသင့် သိထိုက်တဲ့ နိုင်ငံ့အရေး၊ နိုင်ငံတကာအခြေအနေ၊ ပါတီမှာ သူအဓိက တာဝန်ယူထားတဲ့ အလုပ်သမားရေးရာကိစ္စတွေကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေတာကို တွေ့မြင်နိုင်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့က ဦးမောင်မြင့်ဟာ ဇနီးတို့ဟာ မဘသ ဗဟိုဦးဆောင်ဆရာတော် တစ်ပါးဖြစ်တဲ့ ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ပါဋိပါရဂူ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ(မော်ကျွန်းဆရာတော်)အား ဇနီးနှင့်အတူ ဆန်၊ ဆီ၊ လှူဖွယ်ဝတ္ထုများ သွားရောက်ဆက်ကပ် လှူဒါန်းတာကို တွေ့မြင်ရပါတယ်။

ဦးမောင်မြင့် ရဲ့ အကြောင်းကို ကောက်နှုတ်တင်ပြရခြင်းဟာ နိုင်ငံတာဝန်များကို ထမ်းဆောင်စဉ်မှာလည်း နာမည်ဆိုးမထွက်ခဲ့သလို အတိုက်အခံ နိုင်ငံရေးသမားတစ်ယောက်အဖြစ် ရပ်တည်လှုပ်ရှားရစဉ်မှာလည်း အမျိုးသားရေးအပေါ် သစ္စာမဖောက်၊ အများပြည်သူ ကောင်းကျိုးများစေမယ့် ကိစ္စတွေကို အလေးထား ဆောင်ရွက်ခဲ့ပြီး ပြည်ဖျက်မိစ္ဆာတွေရဲ့ အန္တရာယ်ကို လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ဟန်ချက်ညီညီ လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ ဦးမောင်မြင့် ရဲ့ ဆောင်ရွက်ချက်တွေက လူငယ်တွေအတွက် IDOL အဖြစ်သာမက နိုင်ငံရေးသမားကောင်း ဖြစ်လိုသူများ စံထားသင့်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလို့ပါပဲ။

မြန်မာနိုင်ငံအတွက် နိုင်ငံရေးသမားကောင်းတစ်ယောက် ဖြစ်ဖို့ဆိုရင် နိုင်ငံရဲ့သမိုင်းကို သိရမယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်ကို သိရမယ်။ ပြည်သူတွေ ကောင်းကျိုးဖြစ်စေမယ့် အလုပ်တွေကို လုပ်ကိုင်နိုင်စွမ်းရှိရမယ်။ ပြည်ပ အထောက်အပံ့ယူပြီး နိုင်ငံရေးလုပ်စားသူ မဖြစ်ရဘူး။ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာမဖောက်တဲ့ ခိုင်မာတဲ့ ရပ်တည်ချက်မျိုးနဲ့ ပြည်ဖျက်မိစ္ဆာ အမျိုးယုတ်တွေရဲ့ရန်ကို ကာကွယ်နိုင်မှ မြန်မာနိုင်ငံအတွက် နိုင်ငံရေးသမားကောင်းလို့ ဆိုနိုင်ပါလိမ့်မယ်။ ဦးမောင်မြင့် ဟာ ထိုသို့သော ဂုဏ်အရည်အချင်းများနဲ့ ပြည်ဖျက်မိစ္ဆာ အမျိုးယုတ်တွေရဲ့ ရန်ကို ကာကွယ်ခဲ့သူများထဲက နိုင်ငံရေးသမားကောင်း တစ်ဦးလို့ ဆိုချင်ပါတယ်။ သူ့သမိုင်း ကို လှပအောင် ရေးခြယ်တယ်။ သူ့ရပ်တည်ချက်က ဖြောင့်မတ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)