စိုက်ပျိုးလုပ်ကိုင်သူများအားလုံး လယ်ယာကဏ္ဍဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ သိရှိလိုက်နာရေး ကြိုးပမ်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးလုပ်ကိုင်သူများအားလုံး လယ်ယာကဏ္ဍဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ သိရှိလိုက်နာရေး ကြိုးပမ်းဆောင်ရွက်


နေပြည်တော်၊ ဇူလိုင် ၂၇

တောင်သူလယ်သမားများအပါအဝင် စိုက်ပျိုးလုပ်ကိုင်သူများအားလုံး လယ်ယာကဏ္ဍဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ထဲထဲဝင်ဝင်သိရှိလိုက်နာရေးနှင့် ဥပဒေ၏ အကာအကွယ်နှင့် အထောက်အပံ့ကို ခံယူနိုင်ကြစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက နည်းလမ်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပသည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲတွင် သက်ဆိုင်ရာပညာရှင်များက “မြေဩဇာဥပဒေအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရေးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကို တောင်သူများ သိရှိနားလည်ရန် လိုအပ်ကြောင်း၊ မြို့နယ်တိုင်းရှိ ကျေးရွာရပ်မိရပ်ဖများအား စိုက်ပျိုးရေးဆိုင်ရာ တည်ဆဲဥပဒေများနှင့်ပတ်သက်၍ မိတ်ဆက်ပေးကြရမည်ဖြစ်ကြောင်း၊ ရပ်ရွာတိုင်းတွင် သတင်းအချက်အလက်ရရှိရေးနှင့် သတင်းအချက်အလက်စီမံခန့်ခွဲ ရေးစနစ်အသုံးပြုခြင်း၊ တောင်သူများပါဝင်သည့် သီးနှံစုံရောင်းချသော အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများ တည်ထောင်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် မျိုးစေ့နှင့်ပတ်သက်သည့် သတင်းအချက်အလက်မျှဝေခြင်း၊ မျိုးစေ့ရောင်းချခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း၊ တောင်သူကြီးများအား အထူးမှာကြားလိုသည်မှာ စိုက်ပျိုးသည်မှရိတ်သိမ်းသည်အထိ အလေအလွင့်နည်းအောင် စနစ်တကျဆောင်ရွက်ခြင်း၊ ရေကို စနစ်တကျစီမံခန့်ခွဲခြင်း၊ စပါးနှစ်သီးစိုက်ခင်းများတွင် စပါးရိုးပြတ်များကို ရေမြှုပ်၍ ထယ်ရေးပြင်ခြင်းသည် မြေဆီလွှာမှ မီသိန်းဓာတ်ငွေ့ထွက်ရှိမှုကို အားပေးခြင်းဖြစ်၍ ရှောင်ကျဉ်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားအစီအစဉ်မှ အခြောက်ခံစက်များ ထူထောင်နိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်တစ်ဦးက မြေဩဇာဥပဒေအကြောင်း သိကောင်းစရာများ၊ မြေဩဇာဥပဒေပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ မြေဩဇာဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ မြေဩဇာကော်မတီဖွဲ့စည်းခြင်း၊ မြေဩဇာနည်းပညာအဖွဲ့၊ စစ်ဆေးရေးအဖွဲ့၊ မြေဩဇာမှတ်ပုံတင်လက်မှတ်၊ မြေဩဇာသိုလှောင်လိုင်စင်နှင့် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်လျှောက်ထားခြင်းတို့နှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး လန်ချန်း၊ မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့လာသည့် ပညာပေးဗီဒီယိုအား ပြသသည်။

(၇၆) ကြိမ်မြောက်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ၊ နေပြည်တော်ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ လယ်ဝေး၊ တပ်ကုန်းနှင့် ပျဉ်းမနားမြို့နယ်များမှ တောင်သူများ စုစုပေါင်း ၁၂၀ ကျော် တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာရှင်နှင့် တောင်သူများက zoom ဖြင့် ပါဝင်တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)