လူသားချင်းစာနာမှု အကူအညီပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကားများ ကီရမ်ရှာလုံ နယ်စပ်ဂိတ်မှတစ်ဆင့် ဂါဇာဒေသသို့ စတင်ဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူသားချင်းစာနာမှု အကူအညီပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကားများ ကီရမ်ရှာလုံ နယ်စပ်ဂိတ်မှတစ်ဆင့် ဂါဇာဒေသသို့ စတင်ဝင်ရောက်



ဂါဇာ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

လူသားချင်းစာနာမှု အကူအညီပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကားများမှာ ကီရမ်ရှာလုံ နယ်စပ်ဂိတ်ကိုဖြတ်သန်း၍ ဇူလိုင် ၂၇ ရက်က ဂါဇာကမ်းမြောင်ဒေသဆီသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း ဒေသခံ ပါလက်စတိုင်း သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။

ကနဦးတွင် အကူအညီပေးရေး ယာဉ်တန်းမှာ အီဂျစ် လခြမ်းနီအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် အီဂျစ်နိုင်ငံဘက်ခြမ်း ရာဖာနယ်စပ်ဂိတ်၌ စုဝေးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ထို့နောက် ယင်းထရပ်ကားများက ကီရမ်ရှာလုံ နယ်စပ်ဂိတ်သို့ ဆက်လက်ထွက်ခွာသွားခဲ့ပြီး ယင်းနယ်စပ်ဂိတ်၌ အစ္စရေး အာဏာပိုင်များ၏ စစ်ဆေးမှုကို ခံယူပြီးနောက် ဝန်းရံပိတ်ဆို့ခံထားရသော ဂါဇာဒေသသို့ ဝင်ရောက်ခွင့်ရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ဂါဇာဒေသခံများအနေဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြား အခြေခံလိုအပ်သည့် ပစ္စည်းများ ပြတ်လပ်မှုနှင့် ဆက်လက်ရင်ဆိုင်နေရသဖြင့် ယင်းဒေသသို့ အရေးပေါ် အကူအညီ ပေးပို့မှုများကို ပံ့ပိုးကူညီကြရန် နိုင်ငံတကာမှ တိုက်တွန်းမေတ္တာရပ်ခံမှုများ မြင့်တက်နေစဉ် လူသားချင်းစာနာမှု အကူအညီများ ရောက်ရှိလာခြင်းဖြစ်သည်။

ဂါဇာဒေသ မြောက်ပိုင်းရှိ နေရာအသီးသီးတွင် ဇူလိုင် ၂၆ ရက်က လူသားချင်းစာနာမှု အကူအညီများကို လေကြောင်းမှပေးပို့မှုများ ပြန်လည်စတင်ခဲ့သော်လည်း အဆိုပါ ဖြေရှင်းနည်းမှာ လူသားချင်းစာနာမှု အကူအညီများ ပေးပို့ရာတွင် စရိတ်စကအများဆုံးနှင့် ထိရောက်မှုအနည်းဆုံး နည်းလမ်းဖြစ်သည်ဟု ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ အကြီးအကဲ ဖိလစ်ပ် လာဇာရီနီက ဝေဖန်ပြစ်တင်ခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ် (IDF) က ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာမှု အကူအညီများ ပိုမိုရောက်ရှိနိုင်ရန်အလို့ငှာ ဇူလိုင် ၂၇ ရက်မှစ၍ နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ လူသားချင်းစာနာ ထောက်ထားမှုအရ စစ်ရေးလှုပ်ရှားမှုများကို ဒေသအလိုက် စစ်နည်းဗျူဟာမြောက် ရပ်ဆိုင်းထားမည်ဟု ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“အယ်လ် မာဝါဆီ၊ ဒီယာ အယ်လ်-ဘာလာနဲ့ ဂါဇာစီးတီးတို့လို IDF က စစ်ဆင်ရေးလုပ်ဆောင်ခြင်းမရှိတဲ့ နေရာဒေသတွေမှာ နောက်ထပ် ကြေညာချက်မထုတ်ပြန်မချင်း နေ့စဉ် စစ်ရေးလှုပ်ရှားမှုတွေကို စတင်ရပ်ဆိုင်းထားမှာပါ” ဟု ကြေညာချက်၌ ဖော်ပြထားသည်။

ထို့အတူ ဂါဇာကမ်းမြောင်ဒေသ အနှံ့အပြားသို့ အကူအညီများ ပို့ဆောင်ပေးမည့် ကုလသမဂ္ဂနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများ၏ ယာဉ်တန်းများ ဘေးကင်းစွာသွားလာမှုကို အထောက်အကူ ဖြစ်စေရန်အတွက် သတ်မှတ်ထားသည့် လုံခြုံရေးလမ်းကြောင်းများကို နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်ထားမည်ဟု သိရသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစာရေစာ ငတ်မွတ်မှု၊ အာဟာရချို့တဲ့မှုတို့ကြောင့် ဂါဇာဒေသရှိ ဆေးရုံများတွင် လူခြောက်ဦး ထပ်မံသေဆုံးခဲ့ရာ ၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ယင်းကဲ့သို့ သေဆုံးသူဦးရေမှာ ကလေးငယ် ၈၇ ဦး အပါအဝင် ၁၃၃ ဦး ရှိလာခဲ့ကြောင်း ဂါဇာကျန်းမာရေးဌာန တာဝန်ရှိသူများက ဇူလိုင် ၂၇ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)