ဂျပန်မှာ အထက်လွှတ်တော် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ တရားဝင် စတင်နေပြီ ဖြစ်ပါတယ်။ မဲပေးမှုတွေကို ဇူလိုင်လ ၂၀ ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ထားပါတယ်။
၆ နှစ်သက်တမ်းရှိတဲ့ အထက်လွှတ်တော်အမတ် ၂၄၈ နေရာရှိပါတယ်။ အဲဒီအမတ်နေရာရဲ့ ထက်ဝက်အတွက် ရွေးကောက်ပွဲကို သုံးနှစ်တစ်ကြိမ် ကျင်းပပါတယ်။ အခုတစ်ကြိမ်မှာ အဲဒီလို အမတ်နေရာ ၁၂၄ နေရာအပြင် လစ်လပ်သွားတဲ့ နေရာကိုဖြည့်စွက်ဖို့ ၁ နေရာအတွက် ရွေးချယ်မှာဖြစ်ပါတယ်။
၇၅ နေရာကို ရွေးကောက်ပွဲ မဲဆန္ဒနယ်ကိုအခြေခံပြီး ဆုံးဖြတ်မှာဖြစ်ပါတယ်။ ကျန်နေရာ ၅၀ ကတော့ ဂျပန်နိုင်ငံတစ်ဝန်းကနေ မဲအရေအတွက်အချိုးကျ ကိုယ်စားလှယ်စနစ်နဲ့ ရွေးချယ်မှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် Ishiba Shigeru က သူ့ရဲ့ အာဏာရညွန့်ပေါင်းအဖွဲ့က အထက်လွှတ်တော်မှာ အများစုအမတ်အင်အားကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
အဲဒီလိုဖြစ်ဖို့အတွက် အခုတစ်ကြိမ် ရွေးကောက်ပွဲနဲ့မဆိုင်တဲ့ အမတ်နေရာထဲက သူတို့ရထားတဲ့ ၇၅ နေရာအပြင် နောက်ထပ် အနည်းဆုံး နေရာ ၅၀ ရရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။
အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့ ခိုးမေးတိုးပါတီတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အောက်လွှတ်တော်ရွေးကောက်ပွဲမှာတုန်းက အမတ်နေရာအများစုကို စွန့်လွှတ်ခဲ့ရပါတယ်။
မဲဆွယ်မှု ၁၇ ရက်တာကာလအတွင်း အဓိကထားမယ့်အရေးကိစ္စတွေထဲက တစ်ခုကတော့ ငွေကြေးဖောင်းပွမှုကိုကိုင်တွယ်ဖြေရှင်းရေးအစီအမံတွေ ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။
တခြားအဓိကကိစ္စတွေထဲမှာ ပင်စင်နဲ့ လူဦးရေကျဆင်းမှုအပြင် နိုင်ငံခြားရေးနဲ့ လုံခြုံရေးဆိုင်ရာတွေလည်း ပါဝင်ပါတယ်။
REF: NHK
https://t.me/MyanmarNationalPost
No comments:
Post a Comment