ပြည်တွင်း၌ တည်ထောင်ပြီးစက်မှုဇုန်များတွင် စက်မှုလုပ်ငန်းပေါင်း ၈၀၃၅ ခုရှိပြီး လုပ်သားပေါင်း ၅၅၆၀၀၉ ဦးခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်တွင်း၌ တည်ထောင်ပြီးစက်မှုဇုန်များတွင် စက်မှုလုပ်ငန်းပေါင်း ၈၀၃၅ ခုရှိပြီး လုပ်သားပေါင်း ၅၅၆၀၀၉ ဦးခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိ

 


နေပြည်တော်၊ ဇူလိုင် ၁၅

စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီမှ ကျင်းပသည့် စက်မှုဇုန် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၁၂-၇-၂၀၂၅ ရက်နေ့က ရှမ်းပြည်နယ်တောင်ကြီး(အေးသာယာ) စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ရှမ်းပြည်နယ် စက်မှုဇုန်များဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တောင်ကြီး (အေးသာယာ)စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက ပြည်တွင်း၌တည်ထောင်ပြီး စက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက် ငါးခုနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်းနှစ်ခုရှိကြောင်း၊ တည်ထောင်ပြီး စက်မှုဇုန်များတွင် အငယ်စား၊ အလတ်စားနှင့် အကြီးစားစက်မှုလုပ်ငန်းပေါင်း ၈၀၃၅ ခုရှိပြီး လုပ်သားပေါင်း ၅၅၆၀၀၉ဦးခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိကြောင်း၊ တည်ထောင်ပြီးဖြစ်သည့် စက်မှုဇုန်များနှင့် စက်မှုဇုန်အသစ်များကို စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စက်မှုဇုန်ဥပဒေကို ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း။

စက်မှုဇုန် နည်းဥပဒေများကိုလည်း ၂၀၂၄ ခုနှစ်တွင် အတည်ပြုထုတ်ပြန်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏ ပြည်ပပို့ကုန်မြှင့်တင်ရေးနှင့် သွင်းကုန်အစားထိုးစက်မှုထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်းစက်မှုဇုန်များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် တည်ထောင်ပြီး စက်မှုဇုန်များကို စနစ်တကျဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဝိုင်းဝန်းအားပေးမြှင့်တင်ခြင်းနှင့် ကြပ်မတ်ထိန်းကျောင်းခြင်းတို့ကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီးက ပြည်နယ်အတွင်းရှိ စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက ခင်းကျင်းပြထားသည့် MSME ထုတ်ကုန်ပစ္စည်းများကို လှည့်လည်အားပေးကြည့်ရှုသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍လည်းကောင်း၊ တောင်ကြီး(အေးသာယာ) စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်က စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)