ဘရပ်ဆဲလ်၊ ဇူလိုင် ၂၈
ဥရောပသမဂ္ဂ (အီးယူ) နှင့် အမေရိကန်နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီချက် မူကြမ်းအား ဥရောပ၏ ဝါရင့် လွှတ်တော်အမတ်တစ်ဦးက ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ယင်းသဘောတူညီချက်မှာ အီးယူ၏ စီးပွားရေး တည်ငြိမ်မှုနှင့် အလုပ်အကိုင်ရရှိမှု အာမခံချက်ကို ထိခိုက်စေနိုင်သည်ဟုလည်း သတိပေးခဲ့သည်။
ဥရောပပါလီမန်၏ နိုင်ငံတကာ ကုန်သွယ်ရေးကော်မတီ ဥက္ကဋ္ဌ ဘန်းလန့်ဂ်က အမေရိကန်သို့ တင်ပို့သည့် အီးယူပို့ကုန်အားလုံးအပေါ် ၁၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မှု ပါဝင်သည့် အဆိုပြုချက် မူဘောင်မှာ ကျေနပ်ဖွယ်ရာမရှိသလို သိသိသာသာ တစ်ဖက်စောင်းနင်း ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။
အဆိုပါ စည်းကြပ်ခွန်နှုန်းထားမှာ လက်ရှိ ပျမ်းမျှနှုန်းထားထက် လေးဆမြင့်တက်လာသည့် သဘောဖြစ်ကာ အီးယူကမူ အမေရိကန် ကုန်စည်များအပေါ် စည်းကြပ်ခွန်ကင်းလွတ်ခွင့်ပြုရန် ကတိကဝတ်ပြုရမည်ဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
"ဒါက တစ်ဖက်စောင်းနင်းဖြစ်နေတဲ့ သဘောတူညီချက်တစ်ခုပါ။ သည်းခံနိုင်ဖို့ မလွယ်ကူတဲ့ လိုက်လျောမှုတွေ လုပ်ခဲ့ရတယ်ဆိုတာ သိသာနေပါတယ်" ဟု လန့်ဂ်က ဇူလိုင် ၂၇ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့က ကုန်သွယ်ရေး သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုသဘောတူညီချက်အရ အမေရိကန်အနေဖြင့် အီးယူကုန်ပစ္စည်းများအပေါ် အခြေခံစည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း ယင်းနေ့အစောပိုင်းက ကြေညာခဲ့သည်။
ထိုသဘောတူညီချက်မှာ ကုန်သွယ်ရေး ဟန်ချက်ညီမှုကို ပြန်လည်ထိန်းသိမ်းကာ ပိုမိုသာတူညီမျှရှိသော အပြန်အလှန် ကုန်သွယ်မှုကို အားပေးမြှင့်တင်သွားမည့် ခြေလှမ်းတစ်ခု ဖြစ်သည်ဟု ခေါင်းဆောင်နှစ်ဦးစလုံးက ညွှန်းဆိုခဲ့သော်လည်း အဆိုပါ သဘောတူညီချက်အရ အမေရိကန်အနေဖြင့် ကျယ်ပြန့်သော စည်းကြပ်ခွန်များကို ကောက်ခံနိုင်မည်ဖြစ်သကဲ့သို့ အမေရိကန်၏ မဟာဗျူဟာမြောက် ပို့ကုန်အမျိုးမျိုးအတွက်လည်း အခွန်ကင်းလွတ်ခွင့် ရရှိမည်ဟု သိရသည်။
တစ်ဖက်တွင်လည်း အီးယူအနေဖြင့် အမေရိကန် စွမ်းအင်ထွက်ကုန်များကို အမေရိကန်ဒေါ်လာ ဘီလီယံ ၇၅၀ ဖိုး ဝယ်ယူရန် ကတိပြုခဲ့သလို အမေရိကန်၌ ဒေါ်လာဘီလီယံ ၆၀၀ ဖိုး ထပ်မံရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုခဲ့သည်။
ထရမ့်က အားလုံးအကျုံးဝင်သည့် စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်းဟု ဆွေးနွေးပွဲအပြီးတွင် လူသိရှင်ကြား ကြေညာခဲ့သော်လည်း အစောပိုင်းတွင်မူ သံမဏိနှင့် ဆေးဝါး အပါအဝင် လုပ်ငန်းကဏ္ဍအချို့အား အတိအလင်း ချန်လှပ်ခဲ့သည်ဟု လန့်ဂ်က အလေးအနက်ပြောဆိုခဲ့သည်။
အီးယူအနေဖြင့် ရုရှားရုပ်ကြွင်းလောင်စာများအပေါ် အမှီအခိုပြုမှုကို လျှော့ချရန် တစ်စိုက်မတ်မတ် ကြိုးပမ်းလျက်ရှိရာ အထူးသဖြင့် သဘာဝဓာတ်ငွေ့ရည်ကဲ့သို့သော အမေရိကန် စွမ်းအင်ထွက်ကုန်များအား ဥရောပက တိုးမြှင့်ဝယ်ယူမှုများကို ကြိုတင်မှန်းဆထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
သို့သော် အမေရိကန် စစ်ဘက်ဆိုင်ရာ နည်းပညာအတွက် ရန်ပုံငွေ တိုးမြှင့်ထောက်ပံ့မှု အပါအဝင် ဒေါ်လာဘီလီယံ ၆၀၀ ဖိုး ထပ်မံရင်းနှီးမြှုပ်နှံရမည့် အစီအစဉ်အပေါ် ၎င်းက ဝေဖန်ပြစ်တင်ခဲ့ပြီး ယင်းအစီအမံများမှာ ဥရောပ၏ အကျိုးစီးပွားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။ ယခုသဘောတူညီမှု ရယူရာ၌ ဖိအားပေးသည့်နည်းလမ်း ကျင့်သုံးခြင်းမှာ မကြာမီက ဂျပန်နှင့် ဆွေးနွေးညှိနှိုင်းရာ၌ အမေရိကန်က အသုံးပြုခဲ့သည့် နည်းလမ်းနှင့် အလားတူပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost

No comments:
Post a Comment