နယူးယောက်၊ ဇူလိုင် ၃၁
အိန္ဒိယမှ အမေရိကန်သို့တင်ပို့သော ကုန်ပစ္စည်းများအပေါ် အမေရိကန်က ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ စည်းကြပ်ခွန်များ ကောက်ခံသွားနိုင်ခြေရှိကြောင်း၊ သို့သော် နောက်ဆုံး ဆုံးဖြတ်ချက် မလုပ်ဆောင်ရသေးကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
အိန္ဒိယက အမေရိကန်ကုန်ပစ္စည်းများအပေါ် ကောက်ခံသည့် စည်းကြပ်ခွန်သည် အခြားနိုင်ငံများက အမေရိကန် ကုန်ပစ္စည်းများအပေါ် ကောက်ခံသည့် စည်းကြပ်ခွန်ထက် မြင့်မားလုနီးပါးရှိကြောင်း၊ “ခင်ဗျား (အိန္ဒိယ) က ဒီလိုလုပ်လို့ မရဘူးလေ” ဟု ထရမ့်က ထိုနေ့တွင် အထူးလေယာဉ်ဖြင့် ဗြိတိန်မှ အမေရိကန်သို့ ပြန်လာသည့် လမ်းခရီးအတွင်း မီဒီယာသတင်းထောက်များအား ပြောကြားခဲ့သည်။
အမေရိကန်သည် ကုန်သွယ်ရေးမိတ်ဖက်ပေါင်း ၂၀၀ နီးပါးအား စာလွှာပေးပို့၍ အမေရိကန်အနေဖြင့် အဆိုပါနိုင်ငံများ၏ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်နှုန်းထားကို အတည်ပြုသွားမည်ဖြစ်ကြောင်း ထရမ့်က ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ဩဂုတ် ၁ ရက်မှစ၍ အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီချက် မရရှိသေးသည့် ကုန်သွယ်ရေးမိတ်ဖက်များအပေါ် မြင့်မားသော စည်းကြပ်ခွန် ကောက်ခံသွားမည်ဟု ၎င်းက ထိုမတိုင်မီ ခြိမ်းခြောက် ပြောဆိုခဲ့သည်။
အိန္ဒိယက အမေရိကန်အပေါ် ပိုမိုများပြားသည့်ဈေးကွက်များဖွင့်လှစ်ပေးမည့် ဆန္ဒအား အကဲဖြတ်ရန်အတွက် အမေရိကန်အနေဖြင့် အိန္ဒိယနှင့် ဆွေးနွေးညှိနှိုင်းရန် အချိန်ပို၍ လိုအပ်ကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Jamieson Greer က ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်၏ နောက်ဆုံးစည်းကြပ်ခွန် ခြိမ်းခြောက်မှုအပေါ် အိန္ဒိယအစိုးရဘက်က တုံ့ပြန်မှု မရှိသေးပေ။
ထရမ့်က ဧပြီ ၂ ရက်တွင် “အလားတူ စည်းကြပ်ခွန်” ဟူသည့် အစီအမံအား ထုတ်ပြန်ကြေညာပြီးနောက် အမေရိကန်-အိန္ဒိယနှစ်ဖက်က တွေ့ဆုံဆွေးနွေးမှု အကြိမ်များစွာ လုပ်ဆောင်ခဲ့သော်လည်း ဆွေးနွေးညှိနှိုင်းမှုသည် ကျဉ်းထဲကျပ်ထဲ ကျရောက်နေဆဲဖြစ်သည်။
အိန္ဒိယက စိုက်ပျိုးရေးနှင့် နို့ထွက်လုပ်ငန်းအား ကာကွယ်သည့်ကဏ္ဍတွင် တင်းမာသောရပ်တည်ချက်ကို ကိုင်စွဲထားပြီး နှစ်ဖက်က ရုရှားရေနံ ဝယ်ယူခြင်း စသည့်ကဏ္ဍများတွင်လည်း သဘောထားကွဲလွဲမှုများရှိကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ အိန္ဒိယက ဩဂုတ်လ လလယ်ပိုင်းတွင် အမေရိကန်နှင့် အတိုင်းအတာပိုမိုကျယ်ပြန့်သည့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှု ပြန်လည်စတင်ရန် စီစဉ်ထားကြောင်းလည်း မီဒီယာများက သတင်းဖော်ပြကြသည်။
အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် အမေရိကန်နှင့် အိန္ဒိယ၏ ကုန်ပစ္စည်း ကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၁၂၈.၈ ဘီလီယံဖြစ်ပြီး အိန္ဒိယ၏ အမေရိကန်အပေါ် ကုန်သွယ်ရေးပိုငွေမှာ အမေရိကန်ဒေါ်လာ ၄၅.၈ ဘီလီယံဖြစ်ကြောင်း သိရသည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost

No comments:
Post a Comment