ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အောင်ပွဲရ ကရင်ပြည်နယ်ဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အောင်ပွဲရ ကရင်ပြည်နယ်ဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆို






ဘားအံ၊ ဇူလိုင် ၂၇

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သော ကရင်ပြည်နယ်ဘောလုံးအသင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ဘားအံမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဘောလုံးအားကစားကို ချစ်မြတ်နိုးကြသော ဒေသခံပြည်သူများက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့် သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့သူမြို့သားများ၊ အားကစားဝါသနာရှင်များက  သံလွင်တံတားအဆင်း ဘားအံမြို့အဝင်မုခ်ဦး၌ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရ အားကစားသမားများအား ပန်းကုံးစွပ်၍ အောင်သပြေခက်ကမ်းပြီး ဂုဏ်ပြုကြိုဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တံခွန်စိုက်ဆုဖလားရ ကရင်ပြည်နယ်အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ တံခွန်စိုက်ဆုဖလားကြီးကို ရယူပေးခဲ့သည့် အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်ရသည့်အခမ်းအနားမျိုးကို ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အကြိမ်ပေါင်းများစွာ ကျင်းပခွင့်ရရှိလိုပြီး အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဘောလုံးတံခွန်စိုက်ဆုဖလားကြီးကို ကရင်ပြည်နယ် ဇွဲကပင်တောင်အရိပ်အောက်တွင် နားခိုနိုင်အောင် ကြိုးစားယှဉ်ပြိုင်ကစားခဲ့ကြသည့် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးအသင်းအုပ်ချုပ်မှုအဖွဲ့၊ အားကစားသမားများနှင့် လိုအပ်သည်များ ဖြည့်ဆည်းကူညီပေးကြသော အားကစားဝါသနာရှင်များအားလုံးကို ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အောင်ပွဲရကရင်ပြည်နယ်ဘောလုံးအသင်းက တံခွန်စိုက်ဆုဖလားကို ပြည်နယ်ဝန်ကြီးချုပ်ထံအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုငွေကျပ် သိန်း(၃၀)ကို ပေးအပ်ချီးမြှင့်ပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲအတွေ့အကြုံများ ရှင်းလင်းတင်ပြ၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယနေ့ ကြိုဆိုဂုဏ်ပြုသည့်အခမ်းအနားတွင် ပြည်နယ်အတွင်းရှိ ဘောလုံးအားကစားဝါသနာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများက အောင်ပွဲရကရင်ပြည်နယ်ဘောလုံးအသင်းအား စုစုပေါင်းငွေကျပ် ၈၁၂ သိန်း ကို ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြပြီး ဂုဏ်ပြုစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောင်ပွဲရအားသစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် အောင်ပွဲရကရင်ပြည်နယ်ဘောလုံးအသင်းသည် တံခွန်စိုက်ဆုဖလားနှင့်အတူ ဘားအံမြို့အတွင်း လှည့်လည်အောင်ပွဲခံရာ အားကစားဝါသနာရှင်များနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)