ဆိုးလ်၊ ဇူလိုင် ၇
ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၅ (Korea Import Fair 2025) ဖွင့်ပွဲအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ အစည်းအဝေးနှင့် ပြပွဲကျင်းပရေးစင်တာ (Convention & Exhibition Center - COEX) ၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီးဦးသန့်စင် တက်ရောက်၍ ဆိုးလ်မြို့အခြေစိုက် ပြည်ပနိုင်ငံသံရုံး ၅၂ ရုံးမှ သံအမတ်ကြီးများ၊ သံတမန်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ကိုရီးယားသွင်းကုန်ပြပွဲသည် ကိုရီးယားနိုင်ငံကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံသွင်းကုန်တင်သွင်းသူများအသင်း (Korea Importers Association - KOIMA) တို့က ကြီးမှူးကာ နှစ်စဉ်ကျင်းပသည့်ပြပွဲဖြစ်ပြီး ယခုနှစ်ကျင်းပသည့် ပြပွဲသည် ၂၂ ကြိမ်မြောက် ပြပွဲဖြစ်ပါသည်။ ပြပွဲကျင်းပရသည့် ရည်ရွယ်ချက်မှာ ပြည်ပနိုင်ငံများမှ ထုတ်ကုန်များ၊ ပို့ကုန်ပစ္စည်းများကို ကိုရီးယားနိုင်ငံရှိ သွင်းကုန်တင်သွင်းသူများနှင့် Korea Importers Association - KOIMA အဖွဲ့ဝင်ကုမ္ပဏီများအား မိတ်ဆက်ပေးရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
အဆိုပါပြပွဲတွင် ပြည်ပနိုင်ငံများမှ ပို့ကုန်လုပ်ငန်းရှင်များ/ကုမ္ပဏီများက အစားအသောက်နှင့် အဖျော်ယမကာများ၊ လက်မှုအနုပညာပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ အထည်အလိပ်များ၊ လက်ဝတ်ရတနာနှင့် အသုံးအဆောင်များ၊ အားကစားနှင့် အပန်းဖြေပစ္စည်းများ၊ အီလက်ထရောနစ်နှင့် အီလက်ထရောနစ်ပစ္စည်းများ၊ နေ့စဉ်အသုံးပြုရန် လိုအပ်သည့်ပစ္စည်းများ၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများ၊ ကုန်ကြမ်းပစ္စည်းများအစရှိသည်တို့ကို ခင်းကျင်းပြသလျက်ရှိသည်။ ပြပွဲကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment