ထိုင်းနိုင်ငံနှင့် နယ်စပ်တစ်လျှောက်တွင် ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲရန် ဆန္ဒရှိဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ထပ်လောင်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံနှင့် နယ်စပ်တစ်လျှောက်တွင် ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲရန် ဆန္ဒရှိဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ထပ်လောင်းပြောကြား




ဖနွမ်းပင်၊ ဇူလိုင် ၂၇ 

ကမ္ဘောဒီးယားစစ်တပ်နှင့် ထိုင်းစစ်တပ်တို့အကြား "ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲရန်" ကမ္ဘောဒီးယားနိုင်ငံက ဆန္ဒရှိကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက်က ဇူလိုင် ၂၇ ရက်တွင် ထပ်လောင်းပြောကြားခဲ့သည်။

ဟွန်မန်နက်က ၎င်းအနေဖြင့် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တစ်လျှောက်တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေမှုနှင့် စပ်လျဉ်း၍ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇူလိုင် ၂၆ ရက် ညပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်ဟု ဆိုရှယ်မီဒီယာ ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

အဆိုပါ ဆွေးနွေးမှုအတွင်း ထရမ့်က စစ်သည်များနှင့် အရပ်သားများ အပါအဝင် နှစ်ဖက်စလုံးတွင် လူအများအပြား သေဆုံး/ဒဏ်ရာရရှိစေမည့် စစ်ပွဲ သို့မဟုတ် တိုက်ပွဲဖြစ်ပွားမှုကို မြင်တွေ့လိုခြင်းမရှိကြောင်း၊ နှစ်နိုင်ငံအကြား အမြန်ဆုံး အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေး ရရှိသည်ကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်ဟု ဟွန်မန်နက်က ဆိုသည်။

"ကမ္ဘောဒီးယားနိုင်ငံက နှစ်ဖက်စစ်တပ်အကြား ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို သဘောတူလက်ခံကြောင်း မိမိအနေနဲ့ သမ္မတကြီး ဒေါ်နယ်ထရမ့်ကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး အကြောင်းပြန်ခဲ့ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်နှင့် စပ်လျဉ်း၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် ဆွေးနွေးရန် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်သူ ပရက်ခ် ဆိုခွန်းအား တာဝန်ပေးထားကြောင်း ဟွန်မန်နက်က ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ဒေသများတွင် ဇူလိုင် ၂၄ ရက်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေသည်ဟု နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲလျက်ရှိသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)