တရုတ်နိုင်ငံ ဝန်ကြီးချုပ်က AI နိုင်ငံတကာ စီမံခန့်ခွဲရေး မူဘောင် ဆောလျင်စွာ ချမှတ်ရေး တိုက်တွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံ ဝန်ကြီးချုပ်က AI နိုင်ငံတကာ စီမံခန့်ခွဲရေး မူဘောင် ဆောလျင်စွာ ချမှတ်ရေး တိုက်တွန်း


ရှန်ဟိုင်း၊ ဇူလိုင် ၂၇ 

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် AI နိုင်ငံတကာ စီမံခန့်ခွဲရေး ပူးတွဲအစီအစဉ်အား ဦးစားပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး AI ဖွံ့ဖြိုးမှုနှင့် အသုံးပြုမှုကို ကြပ်မတ်ရန် ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက် ရရှိထားသည့် ကမ္ဘာလုံးဆိုင်ရာ မူဘောင်နှင့် စည်းမျဉ်းများ ဆောလျင်စွာ ချမှတ်ရန် ဇူလိုင် ၂၆ ရက်က အားပေးတိုက်တွန်းလိုက်ကြောင်း သိရသည်။

“တရုတ်နိုင်ငံက AI နိုင်ငံတကာ စီမံခန့်ခွဲရေးဟာ အလွန်အရေးပါတယ်လို့ ခံယူထားပြီးတော့ ဘက်ပေါင်းစုံနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေမှာ တက်ကြွစွာ ပါဝင်လုပ်ဆောင်နေပြီး တရုတ်နိုင်ငံရဲ့ ဖြေရှင်းခြင်း နည်းလမ်းများကိုလဲ ကမ်းလှမ်းဖို့ ဆန္ဒရှိပါတယ်” ဟု တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် ကမ္ဘာ့ AI ညီလာခံနှင့် AI နိုင်ငံတကာ စီမံခန့်ခွဲရေး အဆင့်မြင့်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် လီက ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ အစိုးရသည် ကမ္ဘာလုံးဆိုင်ရာ AI ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း ဖန်တီးတည်ထောင်ရန် အဆိုပြုကြောင်း လီက ပြောကြားခဲ့သည်။

များပြားသော ဘာသာစကား အမျိုးအစား၊ ဘက်စုံသုံး များပြားသော အမျိုးအစားများနှင့် AI အသွင်သဏ္ဌာန်တူ နယ်ပယ်များသည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိနေပြီး ၎င်းက AI ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုထိရောက်ပြီး ဉာဏ်ရည်မြင့်မားမှုဆီသို့ တွန်းပို့ပေးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

AI သည် အမျိုးမျိုးသောစက်မှုလုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းကို အားကောင်းစေပြီး စီးပွားရေးတိုးတက်မှုအတွက် မောင်းနှင်းအား အသစ်တစ်ခုအဖြစ် ပေါ်ထွက်လာခြင်းကို အသိအမှတ်ပြုသော်လည်း AI ၏ စိန်ခေါ်မှုများသည် ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်ပူပန်မှုကို ဖြစ်စေခဲ့သည်ဟု လီက ပြောကြားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံမှုတို့အကြား မျှတအောင် မည်သို့ဆောင်ရွက်ရမည်ကို ထပ်မံသဘောတူညီမှုရရှိရန် အရေးတကြီး လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နည်းပညာသည် မည်မျှပင်ပြောင်းလဲစေကာမူ ၎င်းသည် လူသားများက အသုံးချထိန်းချုပ်နိုင်သော ကိရိယာတစ်ခုအဖြစ်သာ ရှိနေရမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့ပြီး AI မှာ လူသားမျိုးနွယ်ကို အကျိုးပြုသည့် နိုင်ငံတကာ လူထုအကျိုးပြု ဝန်ဆောင်မှု ဖြစ်သင့်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ 

နိုင်ငံများနှင့် အဖွဲ့အစည်းများ ပိုမိုအကျိုးခံစားရစေရန်အတွက် AI ကို လူတိုင်းလက်လှမ်းမီသုံးစွဲနိုင်ရေးအတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ရန် လီက တိုက်တွန်းပြောကြားခဲ့သည်။ "ကမ္ဘာ့နိုင်ငံတွေ အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းမှာရှိတဲ့ နိုင်ငံတွေရဲ့ စွမ်းရည်မြှင့်တင်မှု အားကောင်းလာစေရေးအတွက် တရုတ်နိုင်ငံက မိမိရဲ့ AI ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံနဲ့ နည်းပညာထုတ်ကုန်တွေကို မျှဝေဖို့ ဆန္ဒရှိပါတယ်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ပိုမို ထူးခြားကောင်းမွန်သော ရလဒ်များရရှိရန် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်လည်း ၎င်းက အကြံပြုခဲ့သည်။ တရုတ်နိုင်ငံသည် အခြားနိုင်ငံများနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းသုတေသနပြုလုပ်ရန် အဆင်သင့်ဖြစ်နေပြီး လူတိုင်း လက်လှမ်းမီ အသုံးပြုနိုင်သည့် နည်းပညာနှင့် ထုတ်ကုန်များ မျှဝေရေးတွင် ပိုမိုပွင့်လင်းလာစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

အဆိုပါ ၂၀၂၅ ခုနှစ် ကမ္ဘာ့ AI ညီလာခံနှင့် AI နိုင်ငံတကာ စီမံခန့်ခွဲရေး အဆင့်မြင့်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံနှင့် ကမ္ဘာတဝှမ်းရှိ စက်မှုလုပ်ငန်းများ၊ တက္ကသိုလ်များနှင့် သုတေသနဌာနများမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်ပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ AI နိုင်ငံတကာ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ဆောင်မှုအစီအစဉ်ကိုလည်း ယင်းညီလာခံတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)