နေပြည်တော်၊ ဇူလိုင် ၂၂
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ MICC-2 တွင် ကျင်းပခဲ့သည့် အကယ်ဒမီပေးပွဲအခမ်းအနားတွင် အောင်ကိုမိုးဆိုသူ၏ ဝတ်စားဆင်ယင်ပုံမှာ ဗုဒ္ဓဘာသာဝင်များကို စော်ကားရာရောက်သဖြင့် ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် တရားလို ဦးအောင်ကျော်ဦး မှ တရားစွဲဆိုထားရာ ယနေ့ (၂၂-၇-၂၀၂၅) ရက်နေ့ ရုံးချိန်းတွင် လိုပြသက်သေများအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ရုံးချိန်းအခြေအနေနှင့် ပတ်သက်၍ မေးမြန်းရာ လိုပြသက်သေတွင် ပါဝင်သူ တစ်ဦးက "ယခင်အပတ်က စစ်ဆေးခဲ့တဲ့ ဦးခင်မောင်ဇော်ကို ဆက်လက်စစ်ဆေးတယ်။ နောက်ထပ် ဆရာတော်ဦးနေမိန္ဒ ကို စစ်ဆေးတယ်။ ဆရာတော် ဦးသုမန ကတော့ ဒီနေ့ စစ်ဆေးလို့ မပြီးသေးဘူး။ နောက်ရုံးချိန်းမှာ ဆက်လက်စစ်ဆေးမယ်။ လိုပြသက်သေ ဆရာတော် ဦးပညာနဲ့ ဝေဠုဝန် ဆရာတော် (၂)ပါး ဆက်လက်စစ်ဆေးရအုံးမယ်။ တရားခွင်မှာတော့ တရားခံရဲ့ ရှေ့နေဘက်က အော်ကြီးဟစ်ကျယ် ပြဿနာဖန်တီးတာမျိုးရှိတယ်။ တရားလိုရဲ့ ရှေ့နေကတော့ သူကန့်ကွက်စရာ ရှိတာကန့်ကွက်တယ်။ တရားသူကြီးကို တင်ပြစရာရှိတာ တင်ပြတယ်။ အောင်ကိုမိုးရဲ့ ရှေ့နေက အကယ်ဒမီပေးပွဲမှာ အောင်ကိုမိုးဝတ်ဆင်ခဲ့တဲ့ အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေကို တရားခွင်မှာ ပြသဖို့ ပြောတယ်။ အဲဒီပစ္စည်းတွေက ရဲက သိမ်းထားပေးမယ့် တရားရုံးကို သက်သေအဖြစ် တင်သွင်းထားတာ မရှိတဲ့အတွက် တရားလိုရဲ့ ရှေ့နေက သက်သေအဖြစ် တင်သွင်းပြီးမှ ပြသဖို့ တင်ပြတယ်။ တရားသူကြီးက တရားခွင်မှာ ဆရာတော်တွေကို စစ်ဆေးတာ ဖြစ်တဲ့အတွက် အမြင့်မှာ မထိုင်ဘဲ အောက်မှာ တတန်းတည်း ထိုင်ပြီ စစ်ဆေးပေးပါတယ်။" ဟု ပြောသည်။
လိုပြသက်သေတွင် ပါဝင်သည့် ဆရာတော် ဦးပညာက "ဒီအမှုနဲ့ ပတ်သက်ပြီး အောင်ကိုမိုးရဲ့ ရှေ့နေ က ဆရာတော်တို့ဆီကို ချဉ်းကပ်ဖူးတယ်။ မီဒီယာမှာလည်း တခါပြောခဲ့ဖူးပါတယ်။ ဦးဇင်တို့နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးပေမယ့် ချနင်းလို့တော့ မရဘူးလေ။ ဒီအမှုကို လိုက်ရဖို့ တရားခံဘက်ကို သူဘယ်လို စကားကျွံထားလည်းတော့ မသိဘူး။ သူက ဆရာတော်သံဃာတော်တွေကိုပါ ချနင်းချင်တဲ့ ရည်ရွယ်ချက်မျိုးရှိတယ်။ ဒါမျိုးလုပ်ရင်တော့ သာသနာညှိုးနွမ်းအောင် လုပ်တဲ့ အောင်ကိုမိုးထက်တောင် အပြစ်က ကြီးသွားပြီလေ။ ဒါတွေကို လိုအပ်ရင် တရားခွင်မှာ တရားသူကြီးကို တင်ပြသွားပါမယ်။ အခု သူ့ရဲ့ မေးမြန်းချက်တွေကို ကြည့်ရသလောက်တော့ သူ့အလုပ် သူလုပ်တာမျိုးမဟုတ်ဘဲ ရန်ရှာချင်တဲ့ ပြောဆိုမှုတွေလည်း ကြားသိရတယ်။ လိုအပ်ရင်တော့ တရားခံရဲ့ ရှေ့နေက အောက်လမ်းနည်းနဲ့ ချဉ်းကပ်လာတဲ့ အခြေအနေကို သက်သေထွက်ဆိုတဲ့နေ့မှာ တင်ပြသွားပါမယ်" ဟု မိန့်ကြားသည်။
ယနေ့ ရုံးချိန်းသို့ လယ်ဝေးမြို့မှ ရွှေအင်တောင်ဆရာတော်၊ ဦးပညာ နှင့် တပည့်များ၊ ပျဉ်းမနားမြို့မှ ဦးနေမိန္ဒ၊ ဦးသုမန၊ ဝေဠုဝန်ဆရာတော်နှင့် တပည့်များ လာရောက်ဝန်းရံကြသည်။ လာမည့် ရုံးချိန်း ကို (၂၉-၇-၂၀၂၅) ရက်နေ့ ထပ်မံချိန်းဆိုထားပြီး ကျန်ရှိလိုပြသက်သေများ ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment