မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးပြန်လုပ်သင့်ပြီလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးပြန်လုပ်သင့်ပြီလား


လက်ရှိထိုင်းနိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ် ဖြစ်နေမှုတွေအပါအဝင် အမေရိကန်ရဲ့ စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံတာရယ်၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ နှစ်နိုင်ငံနယ်စပ်ပြဿနာ ဖြစ်ပွားနေတာတွေကြောင့် ထိုင်းနိုင်ငံဟာ စီးပွားရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒီတော့ ထိုင်းနိုင်ငံဟာ ဒီစီးပွားရေးကျပ်တည်းနေတာတွေကို ကုစားဖြေရှင်းနိုင်ဖို့အတွက် ယခင်က သူတို့ကိုယ်တိုင်ပဲ မြန်မာနိုင်ငံ၊ မြဝတီဘက်ကို အင်တာနက်ဖြတ်တောက်ထားတာတွေ၊ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားတာတွေနဲ့ လောင်စာဆီတင်သွင်းရောင်းချမှု ဖြတ်တောက်ထားတာတွေကို အခုကျမှ ပြန်လည် ဖြေလျှော့ပေးပြီး မြန်မာနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးကဏ္ဍကို ပြန်လည်လုပ်ဖို့ ညှိနှိုင်းဆောင်ရွက် နေတယ်လို့သိရပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံက သူတို့နိုင်ငံရဲ့အကျိုးစီးပွားအတွက် နယ်စပ်မှာရှိတဲ့ ကုမ္ပဏီတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး မြန်မာနိုင်ငံဘက်ခြမ်းကို တရားမဝင် အင်တာနက်ပေးတာတွေ၊ လျှပ်စစ်မီးပေးတာတွေ၊ လောင်စာဆီ တင်ပို့ရောင်းချတာတွေ လုပ်နေခဲ့တာ ကြာပါပြီ။ တစ်နည်းအားဖြင့်ပြောရရင် သူတို့နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရရှိရေးတစ်ခုအတွက် လုပ်ဆောင် ခဲ့ကြတာဖြစ်ပါတယ်။ မြဝတီဘက်မှာ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ လောင်းကစားဂိုဏ်းတွေ၊ လူမှောင်ခိုဂိုဏ်းတွေ ပေါ်လာတဲ့အချိန်မှာတော့ ထိုင်းနိုင်ငံဘက်က စီးဆင်းလာကြောင်း ဟိုးလေး တကျော်ကျော်ဖြစ်မှ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ထိုင်းနိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက် နေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့နိုင်ငံဘက်ကစပြီး နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွေမှာ တစ်ဖက်သတ် ပိတ်ခဲ့ကြသလို မြဝတီဘက်ကို တရားမဝင်ပေးထားတဲ့ အင်တာနက်၊ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီ တင်သွင်းရောင်းချမှုတွေကို သူတို့ကိုယ်တိုင်ပဲ ဖြတ်တောက်ခဲ့ကြတာဖြစ်ပါတယ်။ ယခုနိုင်ငံရေး ပြဿနာတွေကြောင့် ထိုင်းနိုင်ငံရဲ့စီးပွားရေးကျပ်တည်း ထိခိုက်လာတော့မှ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်လည်ဖွင့်လှစ်ဖို့၊ အင်တာနက်၊ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီတွေပြန်လည်ပေးပို့လိုပြီး သူတို့ရဲ့ စီးပွားရေးကျပ်တည်းမှုကို ကုစားဖြေရှင်းဖို့ လုပ်လာကြတာဖြစ်ပါတယ်။

တကယ်လို့သာ ထိုင်းနိုင်ငံဘက်က သူတို့ကိုယ်တိုင် တစ်ဖက်သတ်ပိတ်ခဲ့တဲ့ နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ကာ တရားမဝင်ပေးထားတဲ့ အင်တာနက်၊ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီ ဖြတ်တောက်ခဲ့တာတွေကို အခုကျမှ ဖြေလျှော့ပေးမှာကို ပြန်လည်ခွင့်ပြုပေးလိုက်မယ်ဆိုရင် စဉ်းစားစရာတွေ အများကြီးရှိလာမှာဖြစ်ပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ကောင်းတယ်ဆိုပေမယ့် မြန်မာနိုင်ငံဘက်က တင်ပို့ကုန်ထက် ထိုင်းနိုင်ငံက မြန်မာဘက်ကို တင်ပို့မယ့်ကုန်ပစ္စည်းကသာ ပိုမိုများပြားပြီး သူတို့အတွက် နိုင်ငံခြားဝင်ငွေပိုမိုရရှိမှာကို စဉ်းစားမိကြပုံရတယ်။ ဒါကြောင့် သူတို့ကိုယ်တိုင် တစ်ဖက်သတ်ပိတ်ပင် ဖြတ်တောက်ခဲ့တဲ့အရာတွေကို ပြန်လည်ဖြေလျှော့ဖို့ လုပ်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းမှာ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ၊ လောင်းကစားဂိုဏ်းတွေ၊ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေ၊ လူမှောင်ခို၊ လက်နက် မှောင်ခိုဂိုဏ်းတွေ စတဲ့ တရားမဝင်မှောင်ခိုဂိုဏ်းတွေ ပြန်လည်ကြီးထွားလာပြီး အကြမ်းဖက်မှုတွေ၊ ဒုစရိုက်မှုတွေ ပိုပြီးများလာနိုင်ပါတယ်။ အရင်တုန်းကလည်း မြဝတီဘက်မှာ ကျားဖြန့် အွန်လိုင်းငွေလိမ် ဂိုဏ်းတွေ ကြီးထွားခဲ့ရတာဟာ ထိုင်းနိုင်ငံဘက်ကနေ ခိုးဝင်လာခဲ့ကြသလို၊ အင်တာနက်လိုင်းတွေနဲ့ လျှပ်စစ်ဓာတ်အားတွေ၊ လူသုံးကုန်ပစ္စည်းအပါအဝင် လိုအပ်တဲ့ထောက်ပံ့မှုတွေကို ထိုင်းနိုင်ငံဘက် ကနေ ရရှိနေကြတာကြောင့်ပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ထိုင်းနိုင်ငံဘက်က တစ်ဖက်သတ်ပိတ်ခဲ့တဲ့ နယ်စပ်ဂိတ်တွေ၊ တရားမဝင်ပေးထားတဲ့ အင်တာနက်၊ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီတင်ပို့မှုတွေကို ဖြတ်တောက်ခဲ့ပေမဲ့ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေအတွက် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာသွားတာမရှိပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံဘက်က သူတို့နိုင်ငံအကျိုးစီးပွားအတွက် ဖြေလျှော့လာနိုင်မယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး လတ်တလောမှာ ကောင်းကျိုးထက် နောက်ဆက်တွဲဆိုးကျိုးတွေသာ ပိုများလာနိုင်တာကြောင့် နယ်စပ်ကုန်သွယ်ရေးကိစ္စတွေကို တာဝန်ရှိသူတွေအနေနဲ့ သေသေချာချာ စဉ်းစားသုံးသပ်သင့်ပါကြောင်း အကြံပြုလိုပါတယ်။


လင်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)