ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ

( နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၄၈/၂ဝ၂၅ )

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်

( ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် )

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်


၁။ ဤဥပဒေကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီး ခြင်းမှ ကာကွယ်ပေးရေးဥပဒေ ဟု ခေါ်တွင်စေရမည်။

ဤဥပဒေတွင်ပါရှိသောစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ် သက်ရောက်စေရမည်-

(က) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်ပုံမှန်သက်တမ်း တစ်ရပ်အတွင်း ကော်မရှင်က သတ်မှတ်ကျင်းပပေးသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ၊ အမျိုးသား လွှတ်တော်ရွေးကောက်ပွဲနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲကိုဆိုသည်။ ယင်းစကားရပ်တွင် သက်ဆိုင်ရာ ပုံမှန်လွှတ်တော်သက်တမ်းအတွင်း အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်လျက်ရှိသည့် မဲဆန္ဒနယ်များအတွက် ကော်မရှင်ကအခါအားလျော်စွာ သတ်မှတ်ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲလည်း ပါဝင်သည်၊

( ခ ) ကော်မရှင် ဆိုသည်မှာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများကို ကြီးကြပ် ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံရေးပါတီများကို ကြီးကြပ်နိုင်ရေးအတွက် လည်းကောင်း တည်ဆဲဥပဒေနှင့်အညီ ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုဆိုသည်၊

( ဂ ) ကော်မရှင်အဖွဲ့ခွဲ ဆိုသည်မှာ ကော်မရှင်ကဖွဲ့စည်းထားသည့် အောက်ပါအဖွဲ့ခွဲတို့ကို ဆိုသည်-

 ( ၁ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

 ( ၂ ) ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

 ( ၃ ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊

 ( ၄ ) ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

 ( ၅ ) မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

 ( ၆ ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ။

(ဃ) မဲဆန္ဒရှင် ဆိုသည်မှာ ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး လွှတ်တော်ရွေးကောက်ပွဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ မဲပေးခွင့်ရှိသူကိုဆိုသည်၊

( င ) မဲရုံအဖွဲ့ ဆိုသည်မှာ မဲဆန္ဒနယ်အတွင်းရှိ မဲရုံတစ်ရုံ၌ ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ စုပေါင်းတာဝန်ယူဆောင်ရွက်ရန် သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲက တာဝန်ပေးအပ် ထားသောအဖွဲ့ကိုဆိုသည်၊

( စ ) မဲရုံမှူးဆိုသည်မှာ မဲရုံအဖွဲ့အား ကြီးကြပ်သော ပုဂ္ဂိုလ်ကိုဆိုသည်၊

(ဆ) ကိုယ်စားလှယ်လောင်း ဆိုသည်မှာ လွှတ်တော်တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက် ခံရန်အတွက် အမည်စာရင်း တင်သွင်းခြင်းခံရသည့် နိုင်ငံရေးပါတီတစ်ခုခုမှ ကိုယ်စားလှယ် သို့မဟုတ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကိုဆိုသည်၊

( ဇ ) လူစုလူဝေး ဆိုသည်မှာ ငါးဦး သို့မဟုတ် ငါးဦးထက်ပိုသောသူများဖြင့် စုပေါင်းဖွဲ့စည်း ထားသော လူစုလူဝေးကိုဆိုသည်၊

( ဈ ) လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီကို ဆိုသည်၊

(ည) ဒေသဆိုင်ရာကော်မတီ ဆိုသည်မှာ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီမှ ဖွဲ့စည်း ပေးသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင် သို့မဟုတ် မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ များကိုဆိုသည်၊

(ဋ) မဲရုံ ဆိုသည်မှာ ကြိုတင်ဆန္ဒမဲပေးခြင်း အပါအဝင် ဆန္ဒမဲပေးရန်အလို့ငှာ သတ်မှတ် ပေးသည့် နေရာကိုဆိုသည်။ ယင်းစကားရပ်တွင် အဆိုပါနေရာ တည်ရှိသည့် ပရိဝုဏ် လည်းပါဝင်သည်၊

( ဌ ) ရွေးကောက်ပွဲကာလ ဆိုသည်မှာ ကော်မရှင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ များ ကျင်းပမည့်ရက် ထုတ်ပြန်ကြေညာသည့် နေ့ရက်မှစ၍ မဲဆွယ်စည်းရုံးသည့်ကာလ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့နှင့် ကော်မရှင်က ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ပြီးသည့် နေ့ရက်ထိကာလကိုဆိုသည်၊

( ဍ ) ရွေးကောက်ပွဲလုပ်ငန်းစဉ် ဆိုသည်မှာ မဲဆန္ဒနယ်သတ်မှတ်ခြင်းနှင့် ပြင်ဆင်ခြင်း၊ မဲစာရင်း ပြုစုခြင်းနှင့် ပြင်ဆင်ခြင်း၊ မဲဆန္ဒနယ်အလိုက် မဲရုံသတ်မှတ်ပေးခြင်းနှင့် မဲရုံတည်ဆောက်ခြင်း၊ ဆန္ဒမဲလက်မှတ် အတည်ပြုခြင်း၊ ပုံနှိပ်ခြင်းနှင့် ထုတ်ပေးခြင်း၊ ရွေးကောက်ပွဲ ကျင်းပ ခြင်း၊ မဲရေတွက်ခြင်း၊ မဲစာရင်းအတည်ပြု ကြေညာခြင်း၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အတည်ပြု ထုတ်ပြန်ကြေညာခြင်း စသည့်လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခြင်းတို့ကို ဆိုသည်၊

( ဎ ) ဤဥပဒေ၌ အဓိပ္ပာယ်ဖွင့်ဆိုမထားသော ပြစ်မှု၊ ပြစ်ဒဏ်ပါစကားရပ်များသည် ရာဇသတ်ကြီး၌ အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်းဖြစ်သည်။


အခန်း(၂)

ရည်ရွယ်ချက်

ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-


( က ) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်ခြင်း ကို တားဆီးနှောင့်ယှက်ခြင်းမှ ကာကွယ်ရန်၊

( ခ ) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မကျင်းပမီ စည်းရုံးရေးကာလအတွင်း ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးမှုများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ရန်၊

( ဂ ) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာ ဆန္ဒမဲပေးရေးကို နှောင့်ယှက် ခြင်း၊ တားဆီးခြင်းတို့မှ ကာကွယ်ရန်၊


( ဃ ) မဲရုံနှင့် မဲရုံအတွင်း တာဝန်ကျသူများ လုံခြုံမှုအပြည့်အဝဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်။


အခန်း(၃)

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ ဖွဲ့စည်းခြင်းနှင့် ယင်း၏ လုပ်ငန်းတာဝန်များ


၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-


( က ) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟို ကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည် -


( ၁ ) ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန - ဥက္ကဋ္ဌ

( ၂ ) ဒုတိယဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန - ဒုဥက္ကဋ္ဌ(၁)

( ၃ ) ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန - ဒုဥက္ကဋ္ဌ(၂)

( ၄ ) ဒုတိယဝန်ကြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  - အဖွဲ့ဝင်

( ၅ ) ဒုတိယဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန - အဖွဲ့ဝင်

( ၆ ) ဒုတိယဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန - အဖွဲ့ဝင်

( ၇ ) ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဥပဒေရေးရာဝန်ကြီးဌာန - အဖွဲ့ဝင်

( ၈ ) ဒုတိယဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာန - အဖွဲ့ဝင်

( ၉ ) ဒုတိယဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန - အဖွဲ့ဝင်

(၁၀) ညွှန်ကြားရေးမှူးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - အဖွဲ့ဝင်

(၁၁) ညွှန်ကြားရေးမှူးချုပ် မီးသတ်ဦးစီးဌာန - အဖွဲ့ဝင်

(၁၂) ညွှန်ကြားရေးမှူးချုပ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန - အဖွဲ့ဝင်

(၁၃) ရဲချုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ - အတွင်းရေးမှူး

(၁၄) ရဲဦးစီးအရာရှိချုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ - တွဲဖက်အတွင်းရေးမှူး


၅။ ( ခ ) လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) ရွေးကောက်ပွဲကာလအတွက် လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့် မူဝါဒချမှတ်ပေးခြင်း၊

( ခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင် သို့မဟုတ် မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းပေးခြင်းနှင့် ယင်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ကွပ်ကဲခြင်း၊ စစ်ဆေးကြပ်မတ်ခြင်းနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခြင်း၊

( ဂ ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့်အညီ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် ဒေသဆိုင်ရာကော်မတီများကို လမ်းညွှန်ခြင်း၊

(ဃ) ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကို ထိပါးစေနိုင်သည့် ပြည်တွင်း၊ ပြည်ပ နိုင်ငံ တကာအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများအား စောင့်ကြည့်သတင်းရယူခြင်းနှင့် အရေးယူ ဆောင်ရွက် နိုင်ရန် လမ်းညွှန်ခြင်း၊

( င ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သည့် ရွေးကောက်ပွဲကာလ ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။


အခန်း(၄)

ဒေသဆိုင်ရာကော်မတီများဖွဲ့စည်းခြင်း


လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီသည်-


( က ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီကို အောက်ပါအတိုင်းဖွဲ့စည်းရမည် -


( ၁ ) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး (တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့) - ဥက္ကဋ္ဌ

( ၂ ) အုပ်ချုပ်ရေးမှူး (တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) - အဖွဲ့ဝင်

( ၃ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မန်နေဂျာ (တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း) - အဖွဲ့ဝင်

( ၄ ) စစ်ဦးစီးဗိုလ်မှူးကြီး (တိုင်းစစ်ဌာနချုပ်) - အဖွဲ့ဝင်

( ၅ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေအရာရှိ (တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်ရုံး) - အဖွဲ့ဝင်

( ၆ ) ညွှန်ကြားရေးမှူး (တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန) - အဖွဲ့ဝင်

( ၇ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဦးစီးမှူး (လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန) - အဖွဲ့ဝင်

( ၈ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပညာရေးမှူး (အခြေခံပညာဦးစီးဌာန) - အဖွဲ့ဝင်

( ၉ ) ရဲတပ်ဖွဲ့မှူး (တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့) - အတွင်းရေးမှူး

(၁၀) ဦးစီးအရာရှိ(ပထမတန်း) (ဦး၊ ရေး၊ ထောက်) (တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့) - တွဲဖက်အတွင်းရေးမှူး


( ခ ) ပြည်ထောင်စုနယ်မြေ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေး ဆိုင်ရာ ကြီးကြပ်မှုကော်မတီကို အောက်ပါအတိုင်းဖွဲ့စည်းရမည် -

( ၁ ) ကောင်စီအဖွဲ့ဝင်(၁) (နေပြည်တော်ကောင်စီ) - ဥက္ကဋ္ဌ

( ၂ ) အုပ်ချုပ်ရေးမှူး (နေပြည်တော်ကောင်စီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) - အဖွဲ့ဝင်

( ၃ ) ဒုတိယအထွေထွေမန်နေဂျာ (နေပြည်တော်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း) - အဖွဲ့ဝင်

( ၄ ) စစ်ဦးစီးဗိုလ်မှူးကြီး (နေပြည်တော်တိုင်းစစ်ဌာနချုပ်) - အဖွဲ့ဝင်

( ၅ ) ညွှန်ကြားရေးမှူး (တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန) - အဖွဲ့ဝင်

( ၆ ) ညွှန်ကြားရေးမှူး (နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန) - အဖွဲ့ဝင်

( ၇ ) ပြည်ထောင်စုနယ်မြေဦးစီးမှူး (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) - အဖွဲ့ဝင်

( ၈ ) ပြည်ထောင်စုနယ်မြေပညာရေးမှူး (အခြေခံပညာဦးစီးဌာန) - အဖွဲ့ဝင်

( ၉ ) ရဲတပ်ဖွဲ့မှူး (နေပြည်တော်ရဲတပ်ဖွဲ့) - အတွင်းရေးမှူး

( ၁၀ ) ဦးစီးအရာရှိ(ပထမတန်း) (ဦး၊ ရေး၊ ထောက်) (နေပြည်တော်ရဲတပ်ဖွဲ့) - တွဲဖက်အတွင်းရေးမှူး


(ဂ) ပုဒ်မခွဲ(က)ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီနှင့် ပုဒ်မခွဲ(ခ)ပါ ပြည်ထောင်စု နယ်မြေ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီတို့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။


၇။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က) လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကာလအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ကြီးကြပ် ကွပ်ကဲခြင်း၊

( ခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ လုံခြုံရေး ဆိုင်ရာစီမံချက် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

( ဂ ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင် သို့မဟုတ် မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ကော်မတီ အဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ကွပ်ကဲခြင်း၊

(ဃ) ရွေးကောက်ပွဲလုံခြုံရေးစီမံချက်ပါ အပိုင်းအလိုက်လုပ်ငန်းများ ဆောင်ရွက်မှုအား ကြပ်မတ်ကွပ်ကဲခြင်းနှင့် ရွေးကောက်ပွဲကာလတစ်လျှောက်လုံး စဉ်ဆက်မပြတ် ကြီးကြပ် ကွပ်ကဲခြင်း၊

( င ) ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကို ထိပါးစေနိုင်သည့် ပြည်တွင်း၊ ပြည်ပ နိုင်ငံ တကာအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများအား စောင့်ကြည့်သတင်းရယူခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းများကို လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီသို့ တင်ပြခြင်း၊

( စ ) လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီက အခါအားလျော်စွာ ပေးအပ်သည့် ရွေးကောက်ပွဲ ကာလဆိုင်ရာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း။


လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီသည် -

(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီကို အောက်ပါ အတိုင်း ဖွဲ့စည်းရမည်-

( ၁ ) ဥက္ကဋ္ဌ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့) - ဥက္ကဋ္ဌ

( ၂ ) ညွှန်ကြားရေးမှူး (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) - အဖွဲ့ဝင်

( ၃ ) အဖွဲ့ဝင်(၁) (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့) - အဖွဲ့ဝင်

( ၄ ) ခရိုင်မီးသတ်ဦးစီးမှူး (ခရိုင်မီးသတ်ဦးစီးမှူးရုံး) - အဖွဲ့ဝင်

( ၅ ) ခရိုင်ဥပဒေအရာရှိ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥပဒေရုံး) - အဖွဲ့ဝင်

( ၆ ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူး (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) - အဖွဲ့ဝင်

( ၇ ) ခရိုင်ပညာရေးမှူး (အခြေခံပညာဦးစီးဌာန) - အဖွဲ့ဝင်

( ၈ ) ဒေသရဲကွပ်ကဲမှုအဖွဲ့မှူး (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) - အတွင်းရေးမှူး


( ခ ) ခရိုင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည် -

( ၁ ) ခရိုင်အုပ်ချုပ်ရေးမှူး (ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) - ဥက္ကဋ္ဌ

( ၂ ) ခရိုင်တာဝန်ခံအရာရှိ (မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း) - အဖွဲ့ဝင်

( ၃ ) အဖွဲ့ဝင် (၁) (ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့) - အဖွဲ့ဝင်

( ၄ ) ခရိုင်မီးသတ်ဦးစီးမှူး (ခရိုင်မီးသတ်ဦးစီးမှူးရုံး) - အဖွဲ့ဝင်

( ၅ ) ခရိုင်ဥပဒေအရာရှိ (ခရိုင်ဥပဒေရုံး) - အဖွဲ့ဝင်

( ၆ ) ခရိုင်ဦးစီးမှူး (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) - အဖွဲ့ဝင်

( ၇ ) ခရိုင်ပညာရေးမှူး (အခြေခံပညာဦးစီးဌာန) - အဖွဲ့ဝင်

( ၈ ) ခရိုင်ရဲတပ်ဖွဲ့မှူး (မြန်မာနိုင်ငံရဲတပ်ဖွဲ့) - အတွင်းရေးမှူး


( ဂ ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီကို လိုအပ်ပါက ပြင်ဆင် ဖွဲ့စည်းနိုင်သည်။


၉။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -

(က) လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေး ဆိုင်ရာ ကြီးကြပ်မှုကော်မတီတို့၏ လမ်းညွှန်ချက်များနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊

( ခ ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ စီမံချက် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

( ဂ ) မြို့နယ်ရွေးကောက်ပွဲ လုံခြုံရေးကိစ္စရပ်များ စီမံခန့်ခွဲမှုလုပ်ငန်း ဆောင်ရွက်မှုများကို ကြီးကြပ်ကွပ်ကဲခြင်း၊

(ဃ) ရွေးကောက်ပွဲလုံခြုံရေးစီမံချက်ပါ အပိုင်းအလိုက်လုပ်ငန်းများ ဆောင်ရွက်မှုအား ကြပ်မတ်ကွပ်ကဲခြင်းနှင့် ရွေးကောက်ပွဲကာလတစ်လျှောက်လုံး စဉ်ဆက်မပြတ် ကြီးကြပ် ကွပ်ကဲခြင်း၊

( င ) ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကို ထိပါးစေနိုင်သည့် ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများအား စောင့်ကြည့်သတင်းရယူခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကို ကော်မတီအဆင့်ဆင့်သို့ တင်ပြခြင်း၊

( စ ) လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီက အခါအားလျော်စွာ ပေးအပ်သည့် ရွေးကောက်ပွဲကာလအတွက် လုံခြုံရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။


၁၀။ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီသည် -

(က) မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည် -

( ၁ ) မြို့နယ်အုပ်ချုပ်ရေးမှူး (မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) - ဥက္ကဋ္ဌ

( ၂ ) မြို့နယ်တာဝန်ခံအရာရှိ (မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း) - အဖွဲ့ဝင်

( ၃ ) အဖွဲ့ဝင်(၁) (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့) - အဖွဲ့ဝင်

( ၄ ) မြို့နယ်မီးသတ်ဦးစီးမှူး (မြို့နယ်မီးသတ်ဦးစီးမှူးရုံး) - အဖွဲ့ဝင်

( ၅ ) မြို့နယ်ဥပဒေအရာရှိ (မြို့နယ်ဥပဒေရုံး) - အဖွဲ့ဝင်

( ၆ ) မြို့နယ်ဦးစီးမှူး (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) - အဖွဲ့ဝင်

( ၇ ) မြို့နယ်ပညာရေးမှူး (အခြေခံပညာဦးစီးဌာန) - အဖွဲ့ဝင်

( ၈ ) အုပ်ချုပ်ရေးမှူး (ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု) - အဖွဲ့ဝင်

( ၉ ) မြို့နယ်ရဲတပ်ဖွဲ့မှူး (မြန်မာနိုင်ငံရဲတပ်ဖွဲ့) - အတွင်းရေးမှူး

( ခ ) မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။


၁၁။ မြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက် များနှင့်အညီ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

( ခ ) မြို့နယ်ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာစီမံချက် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် ခြင်း၊ လုံခြုံရေးစီမံချက်ပါ အပိုင်းအလိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရွေးကောက်ပွဲ ကာလတစ်လျှောက်လုံး စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ခြင်း၊

( ဂ ) မဲဆွယ်စည်းရုံးစဉ်ကာလမှစတင်၍ မိမိမြို့နယ်အတွင်း ဟောပြောလှုပ်ရှားမှုများ၊ မဲဆွယ်စည်းရုံးမှုများအား စဉ်ဆက်မပြတ်စောင့်ကြည့်၍ လုံခြုံရေးထိခိုက်စေမည့် ဖြစ်နိုင်ဖွယ်ရှိသော အလားအလာများကို အချိန်နှင့်တစ်ပြေးညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီသို့ တင်ပြခြင်းနှင့် လုံခြုံရေး အစီအမံများ ဆောင်ရွက်ခြင်း၊

(ဃ) ကိုပ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီက အခါ အားလျော်စွာ ပေးအပ်သည့် ရွေးကောက်ပွဲကာလအတွက် လုံခြုံရေးဆိုင်ရာ လုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း။


အခန်း(၅)

ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များကြီးကြပ်ဆောင်ရွက်ခြင်း


၁၂။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သည် အောက်ပါရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ အတွက် လိုအပ်သောလုံခြုံရေးဆောင်ရွက်ပေးရန် မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီသို့ တောင်းခံနိုင်သည် -

(က) မဲစာရင်းပြုစုခြင်း၊

( ခ ) ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် မဲရုံနှင့် မဲရုံတည်နေရာသတ်မှတ်ခြင်း၊

( ဂ ) မဲရုံနှင့် မဲရုံပရိဝုဏ် အတည်ပြုခြင်း၊ စစ်ဆေးခြင်း၊ မဲရုံနေရာပြောင်းရွှေ့ခြင်း၊

(ဃ) ဆန္ဒမဲလက်မှတ်၊ မဲပုံးနှင့် မဲပေးသည့်စက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင် ပစ္စည်းများ သယ်ယူရွှေ့ပြောင်းခြင်း၊ ထိန်းသိမ်းခြင်း။


၁၃။ လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ဥပဒေနှင့်အညီ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု ပြုလုပ်စဉ် လုံခြုံရေးဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီသို့ တောင်းခံနိုင်သည်။


၁၄။ မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီသည် ပုဒ်မ ၁၂ နှင့် ၁၃ အရ အကြောင်းကြားလာပါက သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့သို့ အကြောင်းကြားရမည်။ သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့က သင့်လျော်သည့်လုံခြုံရေး ဆောင်ရွက် ပေးရမည်။


၁၅။ မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီသည် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် လိုအပ်သည့်လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ရမည်။


အခန်း(၆)

တားမြစ်ချက်များ


၁၆။ မည်သူမျှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုဖြစ်စေ သို့မဟုတ် လုပ်ငန်းစဉ်၏တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုရ။


၁၇။ မည်သူမျှ မဲဆန္ဒရှင်တစ်ဦးဦးကို ဆန္ဒမဲမပေးနိုင်စေရန်အတွက် အောက်ပါ ပြုလုပ်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေမပြုရ -


(က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊

( ခ ) မိမိအလိုအလျောက် နာကျင်စေခြင်း၊

( ဂ ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း။


၁၈။ မည်သူမျှ ရွေးကောက်ပွဲကာလအတွင်း မဲရုံမှူးကိုဖြစ်စေ၊ မဲရုံအဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ပေးအပ်ထားသူ တစ်ဦးဦးကိုဖြစ်စေ ယင်း၏ တာဝန်ဝတ္တရားများ မထမ်းဆောင်နိုင်စေရန် အောက်ပါ ပြုလုပ်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုရ-

(က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊

( ခ ) မိမိအလိုအလျောက် နာကျင်စေခြင်း၊

( ဂ ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း။


၁၉။ မည်သူမျှ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးဦးကို ယင်း၏တာဝန်ဝတ္တရားများ မထမ်းဆောင်နိုင်စေရန် အောက်ပါ ပြုလုပ်မှု တစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုရ-

(က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊

( ခ ) မိမိအလိုအလျောက် နာကျင်စေခြင်း၊

( ဂ ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း။


၂၀။ မည်သူမျှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဦးက ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်း မပြုနိုင်စေရန် အောက်ပါ ပြုလုပ်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ မပြုရ-

(က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊

( ခ ) မိမိအလိုအလျောက် နာကျင်စေခြင်း၊

( ဂ ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း။


၂၁။ မည်သူမျှ ဆန္ဒမဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို မည်သည့်နည်းဖြင့်မဆို မိမိအလိုအလျောက်ဖျက်ဆီးခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်းကို မပြုရ။


၂၂။ မည်သူမျှ ရွေးကောက်ပွဲကော်မရှင်ရုံး သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲရုံးကိုဖြစ်စေ၊ မဲရုံ သို့မဟုတ် မဲရုံအဖြစ် အသုံးပြုသည့် အဆောက်အဦကိုဖြစ်စေ၊ မဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ထိန်းသိမ်းထားသည့် အဆောက်အဦကိုဖြစ်စေ မည်သည့်နည်းဖြင့်မဆို ဖျက်ဆီးခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်းကို မပြုရ။


အခန်း(၇)

ပြစ်ဒဏ်များ


၂၃။ မည်သူမဆို-

( က ) ပုဒ်မ ၁၆ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်၊

( ခ ) ယင်းပြစ်မှုကို လူစုလူဝေးဖြင့် ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ပြစ်မှုကျူးလွန်သူများအား ထောင်ဒဏ် အနည်းဆုံး ငါးနှစ်မှ အများဆုံး ဆယ်နှစ် အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။


၂၄။ မည်သူမဆို-

(က) ပုဒ်မ ၁၇ ပုဒ်မခွဲ(က)၊ (ခ)၊ ပုဒ်မ ၁၈ ပုဒ်မခွဲ(က)၊ (ခ)၊ ပုဒ်မ ၁၉ ပုဒ်မခွဲ(က)၊ (ခ) သို့မဟုတ် ပုဒ်မ ၂၀ ပုဒ်မခွဲ(က)၊ (ခ) ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်၊

( ခ ) ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ပြစ်မှု ကျူးလွန်သူများကို ထောင်ဒဏ်အနည်းဆုံး ငါးနှစ်မှ အများဆုံး ဆယ်နှစ်အထိချမှတ် ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။


၂၅။ မည်သူမဆို-

(က) ပုဒ်မ ၁၇ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၁၈ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၁၉ ပုဒ်မခွဲ(ဂ) သို့မဟုတ် ပုဒ်မ ၂၀ ပုဒ်မခွဲ(ဂ) ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ် နှစ် နှစ်ဆယ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်၊

( ခ ) ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်အနည်းဆုံး ဆယ့်ငါးနှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက် ချမှတ်ရမည့်ပြင်ငွေဒဏ်လည်း ချမှတ်နိုင်သည်။


၂၆။ မည်သူမဆို-

(က) ပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး ငါးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်၊

( ခ ) ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်အနည်းဆုံး ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ် နိုင်သည်။

၂၇။ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာ၌ တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေလျှင် ပြစ်မှု ကျူးလွန်ရာတွင်ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်ရမည်။

၂၈။ မည်သူမဆို ဤဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် အားထုတ်လျှင်ဖြစ်စေ၊ ကျူးလွန်ရာတွင် ပူးပေါင်းကြံစည်လျှင်ဖြစ်စေ၊ အားပေးကူညီလျှင်ဖြစ်စေ မူရင်းပြစ်မှုတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ် ချမှတ်ရမည်။


အခန်း(၈)

အထွေထွေ


၂၉။ ပြည်ထဲရေးဝန်ကြီးဌာနသည် လိုအပ်ပါက ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရ သည့် လွှတ်တော်ကိုယ်စားလှယ်၏ လူပုဂ္ဂိုလ်လုံခြုံရေးကို စီစဉ်ဆောင်ရွက်ပေးရမည်။


၃၀။ ဤဥပဒေအရ တရားစွဲဆိုရာတွင် လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ သို့မဟုတ် ယင်းက တာဝန်လွှဲအပ်ပေးထားသော ဒေသဆိုင်ရာကော်မတီ၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်။


၃၁။ တည်ဆဲဥပဒေတစ်ခုခုတွင် မည်သို့ပင်ပါရှိစေကာမှု ဤဥပဒေနှင့်သက်ဆိုင်သည့် ပြစ်မှု တစ်ရပ်ရပ်ကိုကျူးလွန်လျှင် ဤဥပဒေဖြင့်သာအရေးယူရမည်။


၃၂။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ပြည်ထဲရေးဝန်ကြီးဌာနသည် လိုအပ်သည့်စည်းမျဉ်းစည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊

( ခ ) ပြည်ထဲရေးဝန်ကြီးဌာနနှင့် လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။


(ပုံ)

မင်းအောင်လှိုင် 

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)