မော်စကို၊ ဇူလိုင် ၁၀
ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုသည် BRICS နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည့် အကျိုးဆောင်မှုရှိခဲ့ကြောင်း၊ BRICS ယန္တရား အပါအဝင် ဘက်ပေါင်းစုံ၌ ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုများသည် အပြုသဘောဆောင်၍ မည်သည့်တတိယဘက်ကိုမျှ ပစ်မှတ်ထားခြင်းမရှိကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့သည်။
ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် BRICS နိုင်ငံများ စီးပွားရေး စဉ်ဆက်မပြတ် တည်ငြိမ်စွာ တိုးတက်မှုအတွက် အကျိုးပြုသော အခြေအနေဖန်တီးပေးလိုက်ပြီး ပိုမိုတရားမျှတ၍ ဟန်ချက်ညီသော ဗဟုဝင်ရိုးကမ္ဘာ စည်းစနစ် တည်ဆောက်ရန်အတွက် အရေးကြီးသည့်အကျိုးဆောင်ခဲ့ကြောင်း Maria Zakharova က ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
တစ်ကမ္ဘာလုံး ပထဝီနိုင်ငံရေးအခင်းအကျင်း ကြီးမားသည့်ပြောင်းလဲမှု ဖြစ်ပွားနေသည့် နောက်ခံအခြေအနေတွင် ရုရှား-တရုတ် ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုသည် လျင်မြန်စွာပြောင်းလဲနေသော ပြင်ပပတ်ဝန်းကျင်အပေါ် များစွာ လိုက်လျောညီထွေဖြစ်စွာနေနိုင်မှုနှင့် ဖိအားဒဏ်ခံနိုင်မှုစွမ်းရည်ကို ထင်ဟပ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
BRICS နိုင်ငံများအနေဖြင့် ကမ္ဘာ့အများစုနိုင်ငံများ၏အသံကို နားထောင်လိုပြီး ၎င်းတို့ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရန်အတွက် အကူအညီပေးလိုကြောင်း၊ BRICS ယန္တရား၏ရည်မှန်းချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ထွန်းသစ်စဈေးကွက်နိုင်ငံများ၏ တစ်ကမ္ဘာလုံး နိုင်ငံစုံစနစ်အတွင်း အခန်းကဏ္ဍအား မြှင့်တင်ရန်ဖြစ်ကြောင်း Maria Zakharova က ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် Maria Zakharova က BRICS နိုင်ငံများ၏ “အမေရိကန် ဆန့်ကျင်ရေးမူဝါဒ” ဟူသည်အား ထောက်ခံသည့်နိုင်ငံများအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမည်ဟူသည့် အမေရိကန်သမ္မတ ထရမ့်၏ ခြိမ်းခြောက်ပြောဆိုချက်ကိုလည်း တုံ့ပြန်ခဲ့သည်။
အမေရိကန်သည် တရားမျှတစွာ ယှဉ်ပြိုင်မှုနှင့် အမျိုးသားလုံခြုံရေးအား ကာကွယ်ထိန်းသိမ်းခြင်း ဟူသည့်ခေါင်းစဉ်ဖြင့် တရားမဝင်ဒဏ်ခတ်အရေးယူမှုနှင့် စည်းကြပ်ခွန် စသည့် ကုန်သွယ်စီးပွားနည်းလမ်းများ အသုံးချကာ နိုင်ငံရေးအရဖိအားပေးမှု လုပ်ဆောင်ရန် ကြိုးပမ်းခြင်းဖြစ်သည်ကို ထရမ့်၏ သက်ဆိုင်ရာပြောဆိုချက်များက ဖော်ပြနေကြောင်း၊ ထိုကဲ့သို့လုပ်ရပ်သည် လက်ရှိနိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွဲ့စည်းပုံကို ပျက်စီးစေမည်သာမက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) စည်းမျဉ်းစည်းကမ်းနှင့် လွတ်လပ်စွာကုန်သွယ်ရေး အခြေခံမူကိုလည်း ပြင်းထန်စွာချိုးဖောက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
စည်းကြပ်ခွန် ပမာဏအများအပြား တိုးမြှင့်ခြင်းသည် နိုင်ငံအားလုံးအပေါ် အန္တရာယ် သယ်ဆောင်လာခြင်းဖြစ်ပြီး ကမ္ဘာ့စီးပွားရေးဆုတ်ယုတ်မှု ဖြစ်စေနိုင်ကြောင်း၊ အမေရိကန်အနေဖြင့် မိမိ၏အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်အတွက် သူတစ်ပါး၏အကျိုးစီးပွားအား အတိုင်းအဆမရှိ စတေးစေခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင်၏ ယှဉ်ပြိုင်မှုစွမ်းရည်ကို မြှင့်တင်ကာ အတွင်းပိုင်းမှ အကျပ်အတည်းဖြေရှင်းသည့်နည်းလမ်းအား ရှာဖွေရမည်ဖြစ်ကြောင်း Maria Zakharova က ယူဆသည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost

No comments:
Post a Comment