ကြံခင်း၊ ဇူလိုင် ၁၄
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့် လုပ်ငန်းအဖွဲ့၊ မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်း ဆိုင်ရာ (၁/၂၀၂၅)သင်တန်းကို ယနေ့ နံနက်ပိုင်း ကြံခင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှိ ဧရာဦးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျ မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်လာစေရေးအတွက် တစိုက်မတ်မတ် ကြိုတင်ပြဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ အီလက်ထရောနစ် မဲပေးစက် (MEVM) ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံး ပြုနိုင်စေရန်အတွက် မြို့နယ်အဆင့် ထိန်းချုပ်စက် ကိုင်တွယ် အသုံးပြုနည်း သင်တန်းများကို ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မဲရုံအသီးသီးမှ မဲပေးစက်ကိုင်တွယ် အသုံးပြုရာတွင် ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက် အလေးအနက်ထားကာ သင်ယူစေလိုကြောင်း ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမြင့်က ကျင်းပမည့် ရွေးကောက်ပွဲတွင် MEVM မဲပေးစက်ဖြင့် မဲပေးရာတွင် လွယ်ကူစွာအသုံးပြုနိုင်စေရန် အသုံးပြုပုံများ အား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက MEVM မဲပေးစက်ဖြင့် လက်တွေ့ မဲပေးကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သောင်းထွဋ်လွင်၊ အတွင်းရေးမှူး ရဲမှူးကြည်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၁၀၀ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းအမှတ်စဉ် ၄ ခုဖြင့် ဇူလိုင် ၁၄ ရက်နေ့မှ ဇူလိုင် ၂၅ ရက်နေ့ အထိ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၄၀၀ အား စာတွေ့ လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost






No comments:
Post a Comment