အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ကို ထရမ့်အစိုးရ တရားဝင် ပိတ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ကို ထရမ့်အစိုးရ တရားဝင် ပိတ်သိမ်း


ဟူစတန်၊ ဇူလိုင် ၃ 

၆၄ နှစ်နီးပါးလည်ပတ်ခဲ့သည့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ကို ဇူလိုင် ၁ ရက်မှစ၍ တရားဝင် ပိတ်သိမ်းကြောင်း အမေရိကန် ထရမ့်အစိုးရက ယင်းနေ့တွင် ကြေညာခဲ့သည်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) သည် ဇူလိုင် ၁ ရက်မှစ၍ ပြည်ပအကူအညီပေးမှု တာဝန်များ လုပ်ဆောင်မှုကို တရားဝင်ရပ်ဆိုင်းကြောင်း၊ ထရမ့်အစိုးရမူဝါဒနှင့်ကိုက်ညီသော ကျန်ရှိသည့် စီမံကိန်းအချို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ဆောင်ရန် လွှဲပြောင်းထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) သည် ဆယ်စုနှစ်များကြာကာလအတွင်း ကန်ဒေါ်လာ ၇၁၅ ဘီလီယံ သုံးစွဲခဲ့ကြောင်း၊ အမေရိကန် အခွန်ထမ်းများ၏ ငွေကြေးဖြင့် “ကမ္ဘာတစ်ဝန်း နေရာအနှံ့တွင် အစိုးမဟုတ်သော အဖွဲ့အစည်း (NGO) လုပ်ငန်းအထွေထွေအုပ်စု” တစ်ခုကို တည်ဆောက်ခဲ့သော်လည်း ၁၉၉၀ ပြည့်လွန်နှစ်များ စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်မှစ၍ ၎င်း၏လုပ်ငန်းဆောင်တာများမှာ “ထိရောက်မှုအလွန်နည်းပါးကြောင်း… (အကူအညီ ပေးခံရသည့် ဒေသများ၏) ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်မှာ အကောင်အထည်ဖော်နိုင်မှု အလွန်နည်းကြောင်း၊ မတည်ငြိမ်သည့်အခြေအနေသည် မကြာခဏ ဆိုးရွားလျက်ရှိပြီး အမေရိကန် ဆန့်ကျင်ရေးသဘောထားများက မလျော့နည်းဘဲ များပြားလာကြောင်း” ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန် ဖော်ဆောင်သည့် လူသားချင်းစာနာမှုအကူအညီနှင့် ပြည်ပစီးပွားရေးတိုးတက်မှု မြှင့်တင်ရေး စီမံကိန်းများသည် “အမေရိကန်ဦးစားပေး” နိုင်ငံခြားရေးမူဝါဒများအတွက် ဝန်ဆောင်မှုပေးရမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထရမ့်အစိုးရသည် ယခုနှစ် ဇန်နဝါရီလတွင် တာဝန်ထမ်းဆောင်ပြီးနောက် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) စသည့် ဖက်ဒရယ်ဌာနများစွာကို ဖျက်သိမ်းရန် စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် မာကိုရူဘီယိုသည် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ယာယီတာဝန်ခံအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ယင်းဌာန၏ စီမံကိန်း ၈၃ ရာခိုင်နှုန်းကို ဖျက်သိမ်းကာ စီမံကိန်း ၁,၀၀၀ ခန့်ကို ဆက်လက်ထားရှိမည် ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ဌာနခွဲများ ပိတ်သိမ်းပြီးနောက် ယင်းဌာန၏ လုပ်ငန်းဆောင်တာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ထည့်သွင်းသွားမည် ဖြစ်ကြောင်း ၎င်းက ကြေညာခဲ့သည်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ကို ၁၉၆၁ ခုနှစ် နိုဝင်ဘာလတွင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ဖက်ဒရယ်အစိုးရတွင် စစ်ဘက်မဟုတ်သည့် ပြည်ပအကူအညီပေးရေး တာဝန်အများစုကို တာဝန်ယူဆောင်ရွက်သည့် အထူးအေဂျင်စီဖြစ်သည်။ ကာလကြာရှည်စွာ ယင်းအေဂျင်စီသည် ပြည်ပအကူအညီပေးမှု ခေါင်းစဉ်တပ်၍ အခြားနိုင်ငံ၏ပြည်တွင်းရေး စွက်ဖက်ခြင်း စသည့် လှုပ်ရှားမှုများကို ကူညီပံ့ပိုးပေးခဲ့ကြောင်း အမေရိကန် မီဒီယာများ၏ သတင်းအရ သိရသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)