ဘန်ကောက်၊ ဩဂုတ် ၂
နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ထိုင်းနိုင်ငံဆိုင်ရာ သံတမန်များ၊ နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ထိုင်းနိုင်ငံဆိုင်ရာ စစ်သံမှူးများနှင့် ထိုင်းအခြေစိုက် ပြည်ပမီဒီယာကိုယ်စားလှယ်များကို ဩဂုတ် ၁ ရက်က ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ Ubon Ratchathani ပြည်နယ်နှင့် Si Sa Ket ပြည်နယ်သို့ သွားရောက်၍ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခအလွန် အခြေအနေအား လေ့လာရန် ထိုင်းနိုင်ငံဘက်က စီစဉ်ခဲ့ကြောင်း ထိုင်းကြည်းတပ်၏ ယင်းနေ့သတင်းများအရ သိရသည်။
လေ့လာရေးအဖွဲ့သည် အချင်းဖြစ်နေရာ၌ ထိုင်းနိုင်ငံဘက်က နယ်စပ်အခြေအနေနှင့်စပ်လျဉ်းသည့် မိတ်ဆက်ပြောကြားချက်များကို နားထောင်ခဲ့ပြီး ပဋိပက္ခက ထိုင်းနိုင်ငံအရပ်သားပြည်သူများအပေါ် သက်ရောက်မှုအား ယင်းနေရာ၌ပင် အကဲဖြတ်ခဲ့ကြသည်။
ပဋိပက္ခကာလအတွင်း ထိုင်းနိုင်ငံဘက်က ဖမ်းဆီးထိန်းသိမ်းထားသည့် ကမ္ဘောဒီးယားစစ်သား ၂၀ ဦးနှင့်စပ်လျဉ်း၍ ထိုင်းစစ်တပ်ဘက်က လေ့လာရေးအဖွဲ့အား အဓိကထား ရှင်းလင်းပြောကြားခဲ့သည်။ ဩဂုတ် ၁ ရက်တွင် ကမ္ဘောဒီးယားစစ်သား ၂ ဦးကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံဘက်က လူအခွင့်အရေးမူများအရ အခြားထိန်းသိမ်းခံထားရသူများကို သင့်လျော်ကောင်းမွန်စွာ ဆက်လက် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် မကြာသေးမီရက်များက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ နိုင်ငံအသီးသီး၏ စစ်သံမှူးများကို Chong An Ma ဒေသ၌ စစ်ဆေးကြည့်ရှုရန် ကမ္ဘောဒီးယားဘက်က စီစဉ်ခြင်းနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ၏ ရပ်တည်ချက်အား ထိုင်းစစ်တပ်ဘက်က ပြောကြားခဲ့သည်။ ယင်းဒေသမှာ ထိုင်းနိုင်ငံ၏ နယ်မြေပိုင်နက်ဖြစ်ပြီး ကမ္ဘောဒီးယားဘက်က ယင်းဧရိယာကို ကျူးကျော်သိမ်းပိုက်ကာ နေအိမ်များ ပြုပြင်တည်ဆောက်၍ လူနေထိုင်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ အဆိုပါအစီအမံသည် ဖြစ်ရပ်မှန်နှင့် သွေဖည်နေပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။
ဇူလိုင် ၃၀ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ နိုင်ငံပေါင်း ၁၃ နိုင်ငံ၏ စစ်သံမှူးများကို ကမ္ဘောဒီးယားနိုင်ငံ Preah Vihear ပြည်နယ် An Ses နယ်စပ်စစ်ဆေးရေးဂိတ်၌ စစ်ဆေးလေ့လာကြည့်ရှုရန် ကမ္ဘောဒီးယားဘက်က စီစဉ်ခဲ့သည်။
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသည် ဇူလိုင် ၂၄ ရက်မှစ၍ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ၏ ကြီးမှူးကျင်းပမှုဖြင့် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံသည် ဇူလိုင် ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းနေ့ ည ၁၂ နာရီမှစ၍ “ချက်ချင်း၊ ခြွင်းချက်မရှိ” အပစ်ရပ်ရန် သဘောတူညီခဲ့ရာ နှစ်နိုင်ငံကြား ရက်အနည်းငယ်ကြာ ဆက်တိုက်ဖြစ်ပွားခဲ့သည့် နယ်စပ်ပဋိပက္ခများကို အဆုံးသတ်ခဲ့သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost





No comments:
Post a Comment