မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဩဂုတ် ၁၆

မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ (Future Front Myanmar: Youth Strategy Forum - 2025) ကျင်းပရေး ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ဖိုရမ်ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုတို့က အွန်လိုင်းမှ တက်ရောက်ကြသည်။

ဦးစွာ ဖိုရမ်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုဖိုရမ်တွင် လူငယ်များအတွက် ပညာရေးနှင့်ဆက်စပ်ပြီးလည်းကောင်း၊ လာမည့်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးလည်းကောင်း အကြောင်းအရာများကို ထည့်သွင်းထားပါကြောင်း၊ သက်ဆိုင်ရာပညာရှင်များ၏ ဆွေးနွေးပြောကြားမှုကိုသာ နားထောင်ရုံသက်သက်မဟုတ်ဘဲ လူငယ်များ အစုအဖွဲ့အလိုက် အပြန်အလှန်ဆွေးနွေးပြောဆိုမှုများကိုလည်း ထည့်သွင်းထားပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရှိသည့် လူငယ်များ တက်ရောက်မည်ဖြစ်သည့်အတွက် ဆွေးနွေးပွဲ၏ အတွေ့အကြုံ၊ ရည်ရွယ်ချက်များကို ပြန်လည်မျှဝေခြင်းဖြင့် လူငယ်ကွန်ရက်တစ်ခုကို ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဖိုရမ်ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက နိုင်ငံတစ်ဝန်းရှိ အနာဂတ်နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြမည့် လူငယ်ခေါင်းဆောင်များအတွက် အခြေခံကျသည့် ဖိုရမ်တစ်ခုဖြစ်သည့်အတွက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖိုရမ်၏ ရည်ရွယ်ချက်၊ မျှော်မှန်းရလဒ်များ၊ ဆွေးနွေးမည့် ပုဂ္ဂိုလ်များနှင့် အကြောင်းအရာများ၊ လျာထားဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ် - ၂၀၂၅ ကို ရန်ကုန်မြို့တွင် ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်အထိ သုံးရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)