အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မှာကြား


နေပြည်တော်၊ ဩဂုတ် ၁၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်ကြရန် မှာကြားသည်။

ဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးတိုးရီနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယနေ့အခမ်းအနားမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသော အသိအမြင်ဗဟုသုတများကို လေ့လာမှတ်သားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် အားလုံးတက်ကြွစွာ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သည့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းစေရန်နှင့် အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရသူများဖြစ်၍ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမပြုဘဲ အများပြည်သူအကျိုး ရှေးရှုဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ ခေါင်းဆောင်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)