ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းလိုပါက ရွေးကောက်ပွဲများကျင်းပချိန်တွင် ဆန္ဒမဲများပေးကြရန်လိုကြောင်း၊ ထိုသို့ဆန္ဒမဲပေးရာတွင် ဒေသနှင့်နိုင်ငံအတွက် အမှန်တကယ်အကျိုးပြုနိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းလိုပါက ရွေးကောက်ပွဲများကျင်းပချိန်တွင် ဆန္ဒမဲများပေးကြရန်လိုကြောင်း၊ ထိုသို့ဆန္ဒမဲပေးရာတွင် ဒေသနှင့်နိုင်ငံအတွက် အမှန်တကယ်အကျိုးပြုနိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာကြား


နေပြည်တော်၊ သြဂုတ် ၁၉

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား ၁၈-၈-၂၀၂၅ ရက်နေ့ က မကွေးမြို့ မြို့တော်ခန်းမ၌တွေ့ဆုံစဉ် ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းလိုပါက ရွေးကောက်ပွဲများကျင်းပချိန်တွင် ဆန္ဒမဲများပေးကြရန်လိုကြောင်း၊ ထိုသို့ဆန္ဒမဲပေးရာတွင် ဒေသနှင့်နိုင်ငံအတွက် အမှန်တကယ်အကျိုးပြုနိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ကြရန် ထည့်သွင်း ပြောကြားသွားသည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က မိမိအနေဖြင့် မကွေးမြို့သို့ မကြာခဏရောက်ရှိခဲ့ပြီး မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ရမှုနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ရှေ့လုပ်ငန်းစဉ်၏ နောက်ဆုံးအချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ အခွင့်အရေးများနစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြပါရှိပြီးကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ပြီး တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးမှုမရှိခြင်းကြောင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ် ကြောင်း၊ မဲစာရင်းများကို ပြန်လည်စိစစ်ခဲ့ချိန်တွင်လည်း မဲစာရင်းများမှားယွင်းမှုများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း။

ယခုကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်စွာရရှိစေရေးနှင့် မှားယွင်းမှုမရှိစေရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအား အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း။

တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများမှ ပေါက်ဖွားလာကြသူများဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရန်အတွက် သဘောတူညီမှုရှိပြီးဖြစ်ကြောင်း၊ ယခုနှစ်ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။

ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာစေရေးအတွက် ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP- Mixed Member Proportion System)ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ပြည်ပနိုင်ငံများမှလည်း ထောက်ခံအားပေးမှုများရှိကြောင်း။

ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များဖြင့် မဲပေးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း၊ အခြားနိုင်ငံတကာတွင်လည်း အဆိုပါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းလိုပါက ရွေးကောက်ပွဲများကျင်းပချိန်တွင် ဆန္ဒမဲများပေးကြရန်လိုကြောင်း၊ ထိုသို့ဆန္ဒမဲပေးရာတွင်လည်း ဒေသနှင့်နိုင်ငံအတွက် အမှန်တကယ်အကျိုးပြုနိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ဆောင်ရွက်ကြရန်လိုကြောင်း။

သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး နိုင်ငံတော်မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ရွေးကောက်ပွဲအားဖြစ်နိုင်ပါက တစ်ကြိမ်တည်း ကျင်းပပြုလုပ်ရန်ဟု ဖော်ပြပါရှိကြောင်း၊ သို့သော် မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေအရ အချို့ဒေသများတွင် တည်ငြိမ်အေးချမ်းမှုများမရှိသေးကြောင်း၊ အလားတူ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တပြောင်းရွှေ့နေထိုင်နေရလျက်ရှိသည့် မဲဆန္ဒရှင်များနှင့် ပြည်ပသို့ရောက်ရှိနေသည့် မဲဆန္ဒရှင်ပြည်သူများကိုလည်း ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆင့်လိုက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထိုသို့ကျင်းပပြုလုပ်ရာတွင် မဲမသမာမှုများမဖြစ်ပေါ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)