အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ ကိုရီးယားကျွန်းဆွယ်မှာ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ဖို့ရည်ရွယ်တဲ့ သူတို့ရဲ့ ပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပါတယ်။
နှစ်စဉ်ပြုလုပ်နေကျ Ulchi Freedom Shield လေ့ကျင့်မှုကို တနင်္လာနေ့က တောင်ကိုရီးယားမှာ စတင်ခဲ့ပြီး သြဂုတ်လ ၂၈ ရက်နေ့အထိ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါဟာ ဇွန်လမှာ တောင်ကိုရီးယားသမ္မတ Lee Jae-myung ရာထူးတာဝန်ယူပြီးနောက်ပိုင်း ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။
အဲဒီလေ့ကျင့်မှုကို ပုံမှန်ပြုလုပ်နေကျနဲ့ အလားတူအတိုင်းအတာပမာဏနဲ့ လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ရုရှားနဲ့သူ့ရဲ့ စစ်ဘက်ဆိုင်ရာဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း မြှင့်တင်လုပ်ဆောင်နေတာကြောင့် ဒီနှစ်နိုင်ငံတပ်ဖွဲ့တွေအနေနဲ့ နျူကလီးယား၊ ဒုံးကျည်၊ ဒရုန်းနဲ့တခြားတိုက်ခိုက်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှု အားကောင်းအောင်လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။
အကြမ်းဖျင်းအားဖြင့် ကွင်းဆင်းလေ့ကျင့်မှု ၄၀ ရဲ့တစ်ဝက်လောက်ကို နောက်လအထိ ရွှေ့ဆိုင်းထားပါတယ်။ ဒါဟာ အပူချိန်ပြင်းထန်မှု၊ ကာကွယ်ရေးဆိုင်ရာ အသင့်ဖြစ်မှု ထိန်းသိမ်းနိုင်ရေးလိုအပ်ချက်နဲ့ တခြားအကြောင်းအချက်တွေ အလုံးစုံကိုထည့်သွင်း အကဲဖြတ်ခဲ့တာကြောင့် ဖြစ်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောကြားခဲ့ပါတယ်။
မစ္စတာ Lee ရဲ့အစိုးရက ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ ကြိုးပမ်းနေတဲ့အကြား ဒီရွှေ့ဆိုင်းမှုဟာ မြောက်ကိုရီးယားရဲ့အမြင်တွေကို ထည့်သွင်းစဉ်းစားခဲ့တာ ဖြစ်နိုင်ခြေရှိတယ်လို့ တောင်ကိုရီးယား မီဒီယာအများအပြားက ဖော်ပြခဲ့ကြပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ညီမဖြစ်သူ အလုပ်သမားပါတီရဲ့ အကြီးတန်းအရာရှိ Kim Yo Jong က အဲဒီရွှေ့ဆိုင်းမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ဆွေးနွေးဖို့ မြောက်ကိုရီးယားက စိတ်မဝင်စားဘူးလို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယားက အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပြီး တန်ပြန်စီမံချက်တွေလုပ်ဆောင်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ဆိုနေပါတယ်။
Ref - NHK
https://t.me/MyanmarNationalPost

No comments:
Post a Comment