အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၈၀) သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၈၀) သင်တန်းဖွင့်ပွဲကျင်းပ



နေပြည်တော်၊ ဩဂုတ် ၁၂

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၈၀) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးဆန်းမြင့်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသော နိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးသည် အခြေခံလိုအပ်ချက်ဖြစ်၍ ဆရာ ဆရာမများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုရှေးရှုပြီး ကဏ္ဍအလိုက်၊ အဆင့်အလိုက် မိမိတို့၏ပညာရေး လုပ်ငန်းတာဝန်များကို စွမ်းရည်ထက်မြက်စွာဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့နှင့် ပေါင်းစပ်ပြီး နိုင်ငံတော်အတွက် ဗလငါးတန်နှင့်ပြည့်စုံသည့် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်စေရန် လေ့ကျင့်ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်နှင့် ယုံကြည်ချက် ခိုင်မာအားကောင်းပြီး နိုင်ငံ့ဝန်ထမ်းကောင်း ဆရာ ဆရာမများဖြစ်အောင် ပြုမူနေထိုင်ကြရန် တိုက်တွန်းမှာကြားသည်။ အဆိုပါ သင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၉၆ ဦး၊ သင်တန်းသူ ၃၈၇ ဦး၊ စုစုပေါင်း ၄၈၃ ဦး တက်ရောက် မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်မည်ဖြစ်သည်။

ဆက်လက်၍ အဖွဲ့ဝင် ဦးဆန်းမြင့်သည် တက္ကသိုလ်စစ်ရေးပြကွင်း၌ အရာထမ်းငယ် သင်တန်းအမှတ်စဉ် (၁၀၃) နှင့် စာရေးဝန်ထမ်း အမှတ်စဉ် (၁၁၃) တို့မှ သင်တန်းသား သင်တန်းသူ များ၏ သင်တန်းဆင်း စစ်ရေးပြလေ့ကျင့်နေမှုကိုလည်းကောင်း၊ တက္ကသိုလ်ရှိ အသားစားကြက်ခြံတွင် သင်တန်းရိက္ခာအတွက် အသားစားကြက်များ မွေးမြူထားရှိမှုကိုလည်းကောင်း၊ သင်တန်းရိက္ခာအတွက် တက္ကသိုလ်မှ စိုက်ပျိုးထားရှိသော ရာသီသီးနှံများနှင့် သင်တန်းအိပ်ဆောင်အလိုက် သင်တန်းသူ သင်တန်းသားများ စိုက်ပျိုးထားရှိသည့် ရာသီသီးနှံ စိုက်ခင်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ ညနေပိုင်းတွင် အရာထမ်းငယ် သင်တန်းအမှတ်စဉ် (၁၀၃)မှ သင်တန်းသူများထားရှိသည့် စံပယ်ဆောင်သို့သွားရောက်၍ သင်တန်းသူများနှင့်အတူညနေစာ သုံးဆောင်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)