ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားတက်ရောက်










ပုသိမ်၊ ဩဂုတ်  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်  အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို ၁၂-၈-၂၀၂၅ ရက်နေ့က ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို နှစ်စဉ်နှစ်တိုင်း ဩဂုတ်လ(၁၂)ရက်နေ့တွင် ကျင်းပလျက်ရှိပြီး လူငယ်များရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အနာဂတ်တွင် လူငယ်များအတွက် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုများမြှင့်တင်ရန်စသည်တို့ကို အဓိကထား လုပ်ဆောင်လျက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဆောင်ပုဒ်သည် လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့ “Local Youth Actions For SDGs And Beyond” ဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတကာ ကတိကဝတ်များနှင့်အညီ ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်များ သတ်မှတ်၍ ဒေသအလိုက် ရပ်ရွာအဆင့် လူ့အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊  ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲစေရန် အရေးကြီးပါကြောင်း၊ လူငယ်များသည် အဆိုပါလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လာခြင်းဖြင့် ၎င်းတို့၏လူမှုအဖွဲ့အစည်းအား ပိုမိုကောင်းမွန်လာပြီး တီထွင်ဖန်တီးမှုများဆောင်ရွက်လာနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ပညာပြည့်၀ နှလုံးလှသောလူငယ်များအဖွဲ့အစည်းဖြင့်  ပေါ်ပေါက်လာစေရေး၊ အသိပညာ အတတ်ပညာ၊ ဗလငါးတန်နှင့် ပြည့်စုံပြီး အနာဂတ် မြန်မာနိုင်ငံတော်ကို ၎င်းတို့၏ စွမ်းအားများဖြင့် ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်နိုင်စွမ်းရှိသော လူငယ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးလူငယ်ရေးရာအနေဖြင့် ဆက်စပ်ဌာနများနှင့်ပေါင်းစပ်ပြီး လူငယ်ကဏ္ဍ(၁၆) ရပ်ကို အောင်မြင်အောင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်လူရွယ်များ ကိုငယ်စဉ်ကပင် ဂရုတစိုက်ပြုစုပျိုးထောင်၍ စာပေများလေ့လာစေခြင်း၊ စာဖတ်ခြင်းအပြုအမှုကို ငယ်စဉ်ကပင်အလေ့အကျင့် ပြုလုပ် ပေးခြင်း၊ ဗလငါးတန်နှင့် ပြည့်စုံကာပညာပြည့်ဝနှလုံးလှသော လူငယ်များဖြစ်အောင် ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရန်လိုပါကြောင်းနှင့် တိုးတက်ခိုင်မာ‌အားကောင်းသည့် လူမှုအသိုက်အဝန်းတစ်ရပ်ဖော်ဆောင်ရာတွင် လူငယ်များအနေဖြင့် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုပါကြောင်း” တိုက်တွန်းမှာကြားပြီးနောက် ၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အ‌တွက် ပေးပို့သည့်သဝဏ်လွှာအား လူမှုရေးရာဝန်ကြီးကဖတ်ကြားသည်။

ထို့နောက်  (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိအောင်စွမ်းဆောင်ပေးခဲ့သော အားကစားထူးချွန်လူငယ်၊ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၅)ခုရရှိအောင်စွမ်းဆောင်ပေးခဲ့သော အားကစားထူးချွန်လူငယ်၊၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ မြန်မာတစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်သည့် ထူးချွန်လူငယ်များ၊ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ(၆)ဘာသာဂုဏ်ထူးရှင် ထူးချွန်လူငယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး သုံးထပ်ကွမ်းလူရည်ချွန် ထူးချွန်လူငယ်များနှင့် ၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် တက္ကသိုလ်/ဒီဂရီကောလိပ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုလက်မှတ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်း အမှတ်လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်း video clip ပြသမှုနှင့်  လူငယ်ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်း အမှတ်အဖြစ်ပြသထားသော မှတ်တမ်းဓာတ်ပုံပြခန်းများ လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)