ပြည်သူတွေ အသိရှိကြပါလေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူတွေ အသိရှိကြပါလေ


မိုးကုတ်မြို့ရှိ TNLA/PDF အကြမ်းဖက်သမားများ အခြေပြုနေရာများကို တပ်မတော်က ဗုံးကြဲခဲ့တယ်။ ယခင်က ရှင်းလင်းခဲ့တာလည်း ရှိတယ်။ ၂-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းကလည်း ထိုနည်းတူစွာ အကြမ်းဖက်အဖွဲ့များ အခြေပြုခိုအောင်းရာ နေရာတွေကို ဗုံးကြဲပေးခဲ့တယ်။ တပ်မတော်က အကြမ်းဖက်အဖွဲ့တွေကို ရှင်းလင်းဆောင်ရွက်ပြီဆိုတာနဲ့ ပြည်ဖျက်မီဒီယာတွေမှာ ဝေဝေဆာဆာ တွေ့လာရတာက တပ်မတော်က ဗုံးကြဲလို့ အရပ်သားပြည်သူ ဘယ်နှဦး သေဆုံးပါတယ်ဆိုတဲ့ လုပ်ကြံဖန်တီးရေးသား ဖော်ပြမှုတွေပဲဖြစ်ပါတယ်။ ဒါမျိုး လုပ်ကြံဖန်တီးရေးသားမှုတွေကလည်း အစဉ်အမြဲဖြစ်နေတော့ ရိုးနေပါပြီလို့တောင် ပြောရမလို။

ပြည်ဖျက်မီဒီယာတွေမှာ ကြည့်လိုက်ရင် တပ်မတော်က ဗုံးကြဲသည့်အခါတိုင်း PDF, KIA, TNLA အစရှိသော ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားများ ဘယ်တော့မှ မသေ၊ ပြည်သူသာသေတဲ့သဘောမျိုး ဖြစ်နေပါတယ်။ သူတို့ရဲ့ ရေးသားဖော်ပြချက်တွေအရ PDF, KIA, TNLA အကြမ်းဖက်အဖွဲ့များက ဘိန်းစားပြီး ဘယ်တော့မှ မသေတဲ့ သဘောမျိုးလိုလို၊ တပ်မတော်က ဗုံးကြဲသည့်အခါတိုင်း ဒီအကြမ်းဖက်သမားတွေကပဲ ကြိုတင်သိရှိပြီး တိမ်းရှောင်နေနိုင်သလိုလို။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာတွေမှာက PDF အပါအဝင် အကြမ်းဖက်သမားများ ဘိန်းစားပြီး ထာဝရအသက်ရှင်နေသလိုလို ရေးသားဖော်ပြနေကြသော်လည်း မြေပြင်မှာ အုတ်ဂူနီနီလေးတွေ အစီအရီတွေ့လာရတယ်။ အကြမ်းဖက်အဖွဲ့တွေထဲက အကောင်ကြီးကြီးသေရင် အသုဘချပွဲတွေ ခမ်းခမ်းနားနား လုပ်တာတွေ တွေ့လာရတယ်။

တပ်မတော် အကြီးအကဲရဲ့ ဆောင်ပုဒ်က လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ တဲ့။ ကိုဗစ် တတိယလှိုင်းမှာ စပြီး ဗိုလ်ချုပ်မှူးကြီးက ဒီစကားကို အလျဉ်းသင့်တဲ့အခါတိုင်း ထည့်ပြောတာကို သတိပြုမိတယ်။ ဗိုလ်ချုပ်မှူးကြီး က လူ့အသက်တွေကို တန်ဖိုးထားပြီး ကိုဗစ် တတိယလှိုင်းဝင်လာချိန်မှာ အချိန်နှင့်တပြေးညီ ကုစားနိုင်ဖို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ တံခါးဖွင့် မူဝါဒနဲ့ ဆောင်ရွက်ပေးခဲ့တယ်။ အဲဒီအချိန်မှာကတည်းက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ ပြည်တွင်းမှာ ရှိတဲ့ အကြမ်းဖက်လှုပ်ရှားမှု ဦးဆောင်သူများ ချိတ်ဆက်ပြီး အောက်ဆီဂျင်အိုးထဲ လက်နက်ထည့်သယ်လာတယ်။ အဲဒီလက်နက်တွေက ဘာလုပ်ဖို့လဲ။ ငါ့နဲ့မတူ ငါ့ရန်သူ၊ သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ပြည်သူတွေကို သတ်ဖို့ပဲ။ အဲဒီအချိန်မှာကတည်းက ပြည်ဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်က ပေါ်နေပါပြီ။ 

ကိုဗစ်တတိယလှိုင်းပြီးလို့ ရေဘေးဖြစ်တော့ရော ရေဘေးသင့် ပြည်သူတွေကို အနယ်နယ်အရပ်ရပ်က ရဟန်းရှင်လူပြည်သူများက ထောက်ပံ့ပစ္စည်းတွေနဲ့ သွားရောက်လှူဒါန်း ထောက်ပံ့ကူညီကြတယ်။ ရေဘေးသင့် ပြည်သူတွေကို ထောက်ပံ့မယ့်ပစ္စည်းတွေကို PDF အကြမ်းဖက်သမားတွေက သူတို့အတွက် ရိက္ခာဆိုပြီး ဓားပြတိုက်တယ်။ အဲဒါ ပြည်သူ့ကာကွယ်ရေးလို့ အမည်ခံပြီး ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာလွန်းတဲ့ ပြည်ဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်ပဲ ဖြစ်ပါတယ်။

၂-၈-၂၀၂၅ ရက်နေ့ က နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်စစ်ဆေးပြီး တပ်နယ်မိသားစုများအားတွေ့ဆုံ အမှာစကား ပြောကြားစဉ်မှာလည်း တပ်မတော်က အာဏာအရပ်ရပ်ကို ဘာကြောင့်လွှဲပြောင်းရယူခဲ့ရတယ်ဆိုတာကို ထပ်လောင်း ရှင်းလင်းပြောကြားပါသေးတယ်။ ဒါတွေကို ပြောပြနေတာလည်း အကြိမ်ကြိမ်အခါခါပါပဲ။ 

တိုင်းစစ်ဌာနချုပ် က တပ်နယ်မိသားစုများအားတွေ့ဆုံ အမှာစကား ပြောကြားစဉ်မှာ ဗိုလ်ချုပ်မှူးကြီးက "ဒီမိုကရေစီ ဒုတိယအစိုးရ NLD အစိုးရသက်တမ်းကာလတွင် တပ်မတော်ကို မုန်းတီးစေသည့် ရေးသားပြောဆိုမှုများ လှုံ့ဆော်မှုများကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်၍ လုပ်ဆောင်ခဲ့ကြောင်း၊ အလားတူစီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကဏ္ဍ အသီးသီးတွင် လုပ်ငန်းတာဝန်ဆောင်ရွက်မှုများ အောင်မြင်အောင်ဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့် နိုင်ငံတော်မှာ အဘက်ဘက်က ဆုတ်ယုတ်ခဲ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများလုပ်ဆောင်ပြီး ၎င်းတို့ ပါတီအာဏာရရှိရေးဆောင်ရွက်ခဲ့ကြကြောင်း၊ အဆိုပါမဲမသမာမှုအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် မိမိတို့အနေဖြင့် အကြိမ်ကြိမ်အသိပေးအကြောင်းကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးမှုမရှိသည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို တာဝန်ထမ်းဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း။ မိမိတို့အနေဖြင့် နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ စီးပွားရေးတို့တွင် တစ်ပြေးညီ တည်ငြိမ်တိုးတက်မှုရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ အိမ်နီး ချင်းနိုင်ငံများဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးများကိုလည်း တည်ငြိမ် ကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ အားလုံး အနေဖြင့် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းများကို သိရှိအောင်လေ့လာပြီး မှန်မှန်ကန်ကန် ဖြင့် သုံးသပ်ဆောင်ရွက်၍ နိုင်ငံကောင်းအောင်ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း၊ တပ်မတော်သားများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် တပ်များဖြစ်အောင် ပီပီပြင်ပြင်ဖြင့်ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း။" ထည့်သွင်းပြောကြားသွားပါသေးတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ သူတို့ကို ဝန်းရံတဲ့ ပြည်ဖျက်မီဒီယာတွေမှာတော့ NLD ပါတီ အာဏာရစဉ်အခါက နိုင်ငံတော်ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်ခဲ့တာ၊ ၂၀၂၀ မှာ မဲလိမ်မဲခိုးပြီး အာဏာသက်ဆိုးရှည်ဖို့ ကြိုးပမ်းခဲ့တာတွေကို ရေငုံနှုတ်ပိတ်နေပြီး အစဉ်တစိုက်ဆိုသလို နိုင်ငံရေးနလပိန်းတုန်း နီပိန်းလေးတွေကို PDF အဖွဲ့ထဲ နည်းမျိုးစုံနဲ့ သိမ်းသွင်းပြီး အကြမ်းဖက်သမားများအဖြစ်နဲ့ အမိုက်ဇာတ်သွင်းနေခဲ့တယ်။ NLD ကို ထောက်ခံအားပေးတဲ့ နီပိန်းတွေမှာလည်း အမှားကိုသိတာတောင် အမှန်မြင်နိုင်စွမ်း မရှိတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ပြည်ပြေး ဝရမ်းပြေးတွေက အကြမ်းဖက်လှုပ်ရှားမှု စတင်လှုံ့ဆော်ချိန်မှာ တစ်လ၊ နှစ်လ၊ သုံးလေးငါး ခြောက်လ နေရင် သူတို့နိုင်တော့မှာလို့ ပြောတယ်။ သူတို့ပြောသလို ဘာတစ်မှ ဖြစ်မလာခဲ့ဘူး။ ဘာဆိုဘာမှ ဖြစ်မလာလည်း နီပိန်းတွေကတော့ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ကို နားယောင်ပြီး မိုက်တွင်းနက်နေကြဆဲပဲ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အခန်းကဏ္ဍပြီးမြောက်သွားလို့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကို အာဏာပြန်လည်အပ်နှင်းပေးပြီးချိန်မှာ အကြမ်းဖက်လှုပ်ရှားမှုတွေ ရှိနေတဲ့ မြို့နယ် (၆၃)မြို့နယ်ကို အရေးပေါ် အခြေအနေ ဆက်လက်ကြေညာထားရပါတယ်။ အဲဒီမြို့နယ်တွေထဲမှာ မိုးကုတ်မြို့လည်း ပါဝင်ပါတယ်။ မည်သို့ပင် ဆိုစေ အကြမ်းဖက်နှိမ်နင်းရေးက မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် အရေးပေါ် အခြေအနေ ကြေညာထားတဲ့ (၆၃)မြို့နယ်အပါအဝင် အကြမ်းဖက်လှုပ်ရှားမှုများ ရှိနေတဲ့ မြို့နယ်များမှာ နေထိုင်နေကြတဲ့ ပြည်သူများက အကြမ်းဖက်သမားများနဲ့ ကင်းကင်းရှင်းရှင်း နေကြဖို့တော့ လိုအပါတယ်။ 

ဗိုလ်ချုပ်မှူးကြီးက အပြစ်မဲ့ ပြည်သူတွေ အကြမ်းဖက်သမားတွေရဲ့ အသုံးချခံဘဝမျိုး မဖြစ်စေဖို့ ၃-၉-၂ဝ၂၄ ရက်နေ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြောကြားသည့် အမှာစကားမှာ "လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန် အတွက် ပြည်သူတို့၏နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန်ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူ များအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် လိုအပ်ကြောင်း။" ပြောကြားခဲ့ပါတယ်။ 

ဒါကို နိုင်ငံတော်ပိုင် မီဒီယာတွေက နေ့စဉ်ဖော်ပြပေးခဲ့သလို ကျွန်တော်တို့အနေနဲ့လည်း ပြည်သူများ အကြမ်းဖက်သမားများရဲ့ အသုံးချခံ မဖြစ်စေရေး အလျဉ်းသင့်သည့်အခါတိုင်း ဖော်ပြခဲ့ပါတယ်။ နောင်ချိုမြို့ကို TNLA/PDF အကြမ်းဖက်အဖွဲ့တွေက ထိန်းချုပ်ထားခဲ့တယ်။ အခု တပ်မတော်က ပြန်လည်ရှင်းလင်းနိုင်ခဲ့ပြီ။ မြို့ခံပြည်သူများ ပြန်လည်နေထိုင်နိုင်ရေး ပညာရေး၊ ကျန်းမာရေး အစစအရာရာ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အလားတူ သပိတ်ကျင်းမှာလည်း ကာလရှည်ကြာ အကြမ်းဖက်အဖွဲ့များ စိုးမိုးထားရာကနေ တပ်မတော်က ပြင်းပြင်းထန်ထန်နှိမ်နင်းလာတဲ့အခါမှာ PDF အကြမ်းဖက်သမားများ အသေအဆုံးများပြားတာကို တွေ့မြင်လာရပါတယ်။ 

နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီး ၁၇-၇-၂၀၂၅ ရက်နေ့ကစပြီး TNLA, DPLA, PDF အဖွဲ့ဝင်တွေ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာတာ (၁၀၀)ကျော် ရှိသွားပါပြီ။ တပ်မတော်က ဗိုလ်ချုပ်မှူးကြီးရဲ့ လက်သုံးစကားဖြစ်တဲ့ လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အကြမ်းဖက်အဖွဲ့ထဲ ရောက်နေသူတွေကိုလည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ပြီး တိုင်းပြုပြည်ပြု လုပ်ငန်းများကို လက်တွဲဆောင်ရွက်နိုင်စေဖို့ လမ်းဖွင့်ပေးထားပါတယ်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်းမရှိဘဲ ဆက်ပြီး မိုက်မဲနေသူတွေကိုတော့ ဒီအတိုင်းထားလို့က မဖြစ်ပြန်ပါဘူး။ နိုင်ငံတော်ရဲ့ တာဝန်တွေကို ထမ်းဆောင်နေရတာ ဖြစ်လို့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် မဖြစ်မနေ ရှင်းလင်းဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။

အရေးပေါ် အခြေအနေ ကြေညာထားတဲ့ (၆၃)မြို့နယ်မှာ လက်နက်ကိုင် အကြမ်းဖက်နှိမ်နင်းရေးကို ရက်ပေါင်း(၉၀)အတွင်း ဆောင်ရွက်မယ်လို့ ပြဆိုထားတာကိုလည်း သတိပြုမိကြရမှာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ဆိုးရွားလာတဲ့ အခြေအနေ ဖြစ်လာရင် တပ်မတော်ကလည်း အကြမ်းဖက်နှိမ်နင်းရေးကို ပိုမိုတိုးမြှင့် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်လှုပ်ရှားမှုများ ရှိနေတဲ့ မြို့နယ်များမှာ နေထိုင်လျက်ရှိတဲ့ ပြည်သူများ အနေနဲ့က အကြမ်းဖက်အဖွဲ့များရဲ့ အသုံးချခံ မဖြစ်စေဖို့ အသိ၊ သတိနဲ့ နေထိုင်ကြဖို့ ဗိုလ်ချုပ်မှူးကြီးရဲ့ လမ်းညွှန်မှာကြားချက်ကို ကိုကားပြီး ထပ်လောင်း အသိပေးတင်ပြလိုက်ရပါကြောင်း -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)