ပရိယတ္တိသာသနဟိတအသင်း (၁၁၉) ကြိမ်မြောက် စာအောင်ပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပရိယတ္တိသာသနဟိတအသင်း (၁၁၉) ကြိမ်မြောက် စာအောင်ပွဲ အခမ်းအနား ကျင်းပ





ချမ်းအေးသာစံ၊ သြဂုတ် ၂

ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက် ပရိယတ္တိသာသနဟိတအသင်း ဓမ္မဗိမာန်တော်တွင် အဆိုပါအသင်း၏ (၁၁၉) ကြိမ်မြောက် စာအောင်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ ပရိယတ္တိသာသနဟိတ(သကျသီဟ) သီးခြားဓမ္မာစရိယ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသည့် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များ၏ ဆရာတော်များ၊ ပင့်သံဃာတော်များ၊ စာအောင်သံဃာတော်များ   ကြွရောက်တော်မူကြပြီး အသင်းဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အတွင်းရေးမှူး ဦးဇော်ဇော်တို့နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူရှင်များ၊ စာအောင်သံဃာတော်များ၏ မိဘဆွေမျိုး၊ ဒါယကာ၊ ဒါယိကာမများ၊ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် တက်ရောက်လာကြသူများမှ နမောတဿ သုံးကြိမ်ရွက်ဆို ဘုရားကန်တော့ အခမ်းအနားဖွင့်လှစ်ပြီး ငါးပါးသီလခံယူဆောက်တည်၍ မေတ္တာသုတ် ပရိတ်တရားတော် နာယူကာ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သံဃာတော် အရှင်မြတ်တို့အား သင်္ကန်းဒွိစုံနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ထို့နောက် စာအောင်သံဃာတော်များအား ခန်းမအတွင်းပင့်ဆောင်ပြီး "ဇယမင်္ဂလာ” အောင်ဂါထာဖြင့်  ရွတ်ဖတ်ပူဇော်၍ စာသင်တန်းအောင်စဉ် (၁) ဦးဥတ္တမသာရာလင်္ကာရ၊ အောင်စဉ်(၂) ဦးခေမိန္ဒ၊ အောင်စဉ်(၃) ဦးအဂ္ဂဉာဏာလင်္ကာရတို့အား ၎င်းတို့၏ ဆရာတော်များမှ စာထောက်/စာမ မေးမြန်းခြင်းပြုလုပ်တော်မူကာ သာသနာတော်ကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲစေရန် ရည်သန်၍ အတ္တပရ နှစ်ဝအကျိုး တိုးပွားစိမ့်သောငှါ ရှေ့အဘို့၌လည်း ပရိယတ်ပဋိပတ် လုပ်ငန်းများအား ဆက်လက်အားထုတ်နေထိုင်ကြရန် မဟာထေရ်ကြီးတို့၏ ကိုယ်စားပြု၍ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ဆရာတော်ဘုရားကြီးမှ ဩဝါဒအနုသာသနီ ပေးတော်မူခဲ့ကြောင်း၊ ၎င်းနောက် လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာယူကြည်ညိုပြီး   ရေစက်ချအမျှဝေခဲ့ကြသည်။

ထို့နောက် အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ စာချတန်းအောင် အရှင်သူမြတ်(၅)ပါး၊ သီးခြားစာ သင်တန်းအောင် အရှင်သူမြတ် (၁၅)ပါး၊ စုစုပေါင်း သာသနာ့အာဇာနည်အရှင်မြတ်(၂ဝ)ပါးတို့အား ဘွဲ့ပုံတော် လက်မှတ်များနှင့် အတ္ထုပ္ပတ္တိများ ဖတ်ကြားပြီး လက်တော်အရောက် ဆက်ကပ်လှူဒါန်း၍ အလှူရှင်များ၏ လှူဖွယ်ပစ္စည်း ပဒေသာပင်များ သာရေးတံမဲနှိုက် ဆက်ကပ်လှူဒါန်းကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာကြသူများအား နံနက်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။  


ချမ်းမြေ့မောင်(ချမ်း/စံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)