မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ ရေအရည်အသွေးစီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ ရေအရည်အသွေးစီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ




နေပြည်တော်၊ ဩဂုတ် ၂၁

မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ ရေအရည်အသွေးစီမံခန့်ခွဲရေးနှင့် လေ့လာစောင့်ကြည့်နိုင်ရေး၊ နှစ်နိုင်ငံကြားရေအရည်အသွေးညစ်ညမ်းမှု ကာကွယ်ထိန်းချုပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ ရေအရည်အသွေးစီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ Jasmine Hotel ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့်လူမှုရေးဝန်ကြီးဌာနဝန်ကြီး Mr. Prasert Jantararuangtong ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Theerarat Sam-rejvanich၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mr. Mongkol Visitstump နှင့် ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံအနေဖြင့် ရေသယံဇာတနှင့်အရည်အသွေးများ ထိန်းသိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ဖွဲ့စည်းထားရှိပြီး ရေအရင်းအမြစ်များအား ဦးစားပေးကာကွယ်ထိန်းသိမ်းလျက်ရှိပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်၍ အမျိုးသားမြေပေါ်ရေအရည်အသွေးစံချိန်စံညွှန်းကိုလည်း ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ရေအရည်အသွေးကို တိုင်းတာစစ်ဆေး၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့်လူမှုရေးဝန်ကြီးဌာနဝန်ကြီး Mr. Prasert Jantarar-uangtong က ထိုင်းနိုင်ငံအနေဖြင့်လည်း ရေအရင်းအမြစ်အရည်အသွေးနှင့် ပတ်သက်၍ အရေးကြီးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေထုညစ်ညမ်းမှုကာကွယ်ထိန်းသိမ်းရန်အတွက် မူဝါဒများချမှတ်ထားရှိပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ရေရှည်လက်တွဲ၍ ရေထုညစ်ညမ်းမှုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ထိုင်းနိုင်ငံမှ ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ထိုင်းနိုင်ငံအတွင်းရှိ နမ့်ခုတ်မြစ်ရေအရည်အသွေးနှင့် ကာကွယ်ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများကို တင်ပြဆွေးနွေးပြီး အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က မြန်မာနိုင်ငံ၏ ရေအရည်အသွေးဆိုင်ရာစီမံခန့်ခွဲမှု၊ မြေပေါ်ရေအရည်အသွေးသတ်မှတ်ချက်များ၊ ကာကွယ်ထိန်းသိမ်းရေးဆောင်ရွက်မှုနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးကြသည်။

ဆက်လက်၍ ယခုဆွေးနွေးပွဲမှ ရရှိလာသော ရလဒ်များဖြစ်သည့် ရေအရည်အသွေးစီမံခန့်ခွဲမှုအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားရန်၊ ရေအရည်အသွေးဆိုင်ရာအချက်အလက်များကို ဖလှယ်ခြင်းအပါအဝင် နှစ်နိုင်ငံမှ သက်ဆိုင်ရာဌာနများအချင်းချင်း နည်းပညာဆိုင်ရာ ဆွေးနွေးမှုများ ဆောင်ရွက်သွားရန်၊ ရေရှည်တည်တံ့သော ရေအရည်အသွေးစီမံခန့်ခွဲခြင်းဆိုင်ရာ နယ်ပယ်တွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးနည်းပညာဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းသွားရန်နှင့် နည်းပညာအကူအညီ၊ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာမြှင့်တင်ရေးနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ရန်တို့နှင့် ပတ်သက်၍ ပူးတွဲသတင်းထုတ်ပြန်သည်။

ဆွေးနွေးပွဲအပြီးတွင် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီး Mr. Prasert Jantararuangtong နှင့် အဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်၍ ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)