ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် အဘ ဦးကြီးမောင်၊ အမိ ဒေါ်ကြည် တို့မှ မန္တလေးမြို့၌ ၁၉၅၁ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ တွင် မွေးဖွားခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၅)သို့ တက်ရောက်၍ ၁၉၇၃ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

ထို့နောက် တာဝန်ကျရာတပ်ဌာနချုပ်အသီးသီးတွင် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ်တွင် တပ်မမှူးတာဝန်နှင့် စစ်ဦးစီးဗိုလ်မှူးချုပ်တာဝန်အား တွဲဖက်၍ လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တာဝန်နှင့် ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်အား တွဲဖက်၍လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှူး အဖြစ် လည်းကောင်း အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပထမလွှတ်တော်သက်တမ်းကာလတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တာဝန်ကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဒုတိယလွှတ်တော်သက်တမ်းကာလတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ ဒုတိယသမ္မတ(၁)တာဝန်ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ နိုင်ငံတော်အားအရေးပေါ်အခြေအနေကြေညာထားသည့်ကာလမှ ကွယ်လွန်ချိန် အထိ ယာယီသမ္မတတာဝန်ကိုလည်းကောင်း ထမ်းဆောင်နိုင်ခဲ့သည်။ ထို့သို့ တပ်မတော်၊ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် ကိုယ်ကျိုးမဖက် နေ့မအားညမနား စွမ်းစွမ်းတမံ ကြိုးပမ်းထမ်းဆောင်ခဲ့သည့်အတွက် နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့ စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတံဆိပ်၊ မိုင်းယန်း/မဲသဝေါတံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ သင်္ဂဟတံဆိပ်၊ သရေစည်သူဘွဲ့၊ သတိုးသီရီသုဓမ္မဘွဲ့၊ သတိုးမဟာသရေစည်သူဘွဲ့များကို ထိုက်တန်စွာ ချီးမြှင့်ခြင်းခံခဲ့ရ သည်။ ၎င်းအပြင် အစိုးရအဆက်ဆက် အမျိုး၊ ဘာသာ၊ သာသနာအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် မြောက်မြားစွာသောကော်မတီ အရပ်ရပ်တွင်လည်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်သက်ဌေး၊ သမီး ဒေါ်ခင်သက်ထားဆွေနှင့် သား ဗိုလ်ကြီး ကျော်ဘုန်းမြင့်(ငြိမ်း)တို့ ကျန်ရစ်ခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ ၏ ဈာပန အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် နိုင်ငံတော်ဈာပနအခမ်းအနားဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)