ရဲမေ မအေးငြိမ်းသီတာ အား ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ မှန်ကန်စွာ စိစစ်ဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံချက် (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရဲမေ မအေးငြိမ်းသီတာ အား ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ မှန်ကန်စွာ စိစစ်ဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံချက် (အိတ်ဖွင့်ပေးစာ)





ရဲတပ်သား မအေးငြိမ်းသီတာ လ-၂၅၇၇၄၁ သည် ၂၁-၂-၂၀၁၅ တွင် ရဲတပ်ဖွဲ့သို့ စတင်ဝင်ရောက်ခဲ့ပြီး ရဲတပ်သားသစ်သင်တန်း (၂၃/၂၀၂၅) (ရှင်စောပုတပ်ခွဲ) ကို ၂၃-၂-၂၀၂၅ မှ ၁၄-၈-၂၀၁၅ ထိ တက်ရောက်ခဲ့ပါသည်။ ရဲအကြပ်လောင်းသင်တန်း (၆/၂၀၁၈) ကို ၃၀-၇-၂၀၁၈ မှ ၂၁-၉-၂၀၁၈ အထိ တက်ရောက်ခဲ့ပါသည်။

၂၀၁၅ ခုနှစ် (၈)လပိုင်းမှစ၍ ယနေ့အချိန်အထိ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ (ယခုဖြစ်စဉ် ဖြစ်ချိန်အထိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းဖြစ်ပါသည်။)

၁၂-၅-၂၀၂၅ ရက်နေ့မှစ၍ တရားဝင်မီးဖွားခွင့် (၆)လတင်ထားပါသည်။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဒုတိယစုံစမ်းစစ်ဆေးရေးမှူး ဦးကျော်ဇင်အေးငြိမ်းနှင့် ၃-၂-၂၀၂၃ တွင် အိမ်ထောင်ကျခဲ့ပြီး ၁၉-၅-၂၀၂၅ ရက်နေ့တွင် သားတစ်ယောက် ဖွားမြင်ခဲ့ပါသည်။

ဖြစ်စဉ် -

ရဲမေ မအေးငြိမ်းသီတာသည် မီးဖွားခွင့် (၆)လ ခံစားနေစဉ် ခင်ပွန်းဖြစ်သူ ဒုတိယစုံစမ်းစစ်ဆေးရေးမှူး ဦးကျော်ဇင်အေးငြိမ်းမှာ ၆-၈-၂၀၂၅ ရက်နေ့တွင် စုံစမ်းရေးမှူး ရာထူးတိုးမြှင့်ခံရပြီး ကယားပြည်နယ်သို့ သွားရောက်တာဝန်ထမ်းဆောင်ရန် အမိန့်ကျခဲ့ပါသည်။ မအေးငြိမ်းသီတာသည် မိမိအမျိုးသားဖြစ်သူ တာဝန်ကျရာ နေရာသို့ မီးဖွားခွင့် (၆)လ မပြည့်မီ ခေတ္တအလည်လိုက်ပါခဲ့ပါသည်။

နှစ်လခွဲအရွယ် သားငယ်ကိုလည်း အတူခေါ်လာခဲ့ပါသည်။ ၁၁-၈-၂၀၂၅ ရက်နေ့တွင် မိသားစု အတူ သန်မြန်သူ ယာဉ်လိုင်းဖြင့် ညနေ (၃)နာရီခန့်အချိန်တွင် မန္တလေးမြို့မှ လွိုင်ကော်မြို့သို့ ထွက်ခွါလာခဲ့ပါသည်။ လမ်းခရီးအခြေအနေအရ လမ်းတွင် တစ်ညအိပ်ရပ်နားခဲ့ပြီး (၁၂)ရက်နေ့ နံနက် (၅ ၃၀) နာရီတွင် ဆက်လက်ထွက်ခွါလာရာ နံနက် (၈)နာရီခန့်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နန်းတိုင်း စစ်ဆေးရေးဂိတ် အရောက်တွင် အရီးသည် မှတ်ပုံတင်များ စစ်ဆေးသဖြင့် အစစ်ဆေးခံပါသည်။ 

စစ်ဆေးခံစဉ် မအေးငြိမ်းသီတာ ၏ မှတ်ပုံတင်မှာ PSMS စနစ်တွင် ပြေး ၄ ပြေး စာရင်းပါဝင်နေသည်ဟု သိရပြီးနောက် နှစ်ဦးစလုံး၏ သက်ဆိုင်ရာ လူကြီးများထံသို့ ကိုယ်စီ သတင်းပို့ခဲ့ကြပါသည်။ နေ့လည် (၁၁)နာရီ အချိန်တွင် နောင်တရားနယ်မြေစခန်းမှ လာရောက်ခေါ်ဆောင်ခဲ့ပြီး ညနေ (၅)နာရီတွင် ပင်လောင်းမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပါသည်။

ထို့နောက် သိရသည်မှာ ရဲမေ မအေးငြိမ်းသီတာကို မန္တလေးမြို့၊ အမှတ်(၃) နယ်မြေရဲစန်းမှ ၂၀၂၃ ခုနှစ်တွင် အမှုဖွင့်ထားပြီး တရားခံပြေးအဖြစ် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း၊ ရဲမေ မအေးငြိမ်းသီတာ အနေဖြင့် အမှုဖွင့်ထားခြင်းအား သိရှိခြင်းလည်းမရှိ၊ တစ်စုံတစ်ရာ စစ်ဆေးခံရခြင်းလည်း မရှိခဲ့ပါ။

တရားခံပြေးစာရင်းဝင်နေမှန်းလည်း မသိ၊ ဘယ်ကိုမှလည်း ထွက်ပြေးတိမ်းရှောင်ခြင်းမျိုး မရှိခဲ့ဘဲ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည်မှာ ယနေ့ ဖြစ်စဉ် ဖြစ်ပွားချိန်အထိ ဖြစ်ပါသည်။

ယခုအခါ မိခင်နှင့်အတူ လသားအရွယ် ကလေးငယ်ပါ ပင်လောင်းမြို့နယ်၊ ရဲစခန်းအချုပ်ခန်းတွင် အချုပ်ခံထားရပါသည်။ ထိုကဲ့သို့ ကွဲလွဲချက်များ ရှိနေသော်လည်း သေချာစွာ စိစစ်ခံရခြင်း မရှိဘဲ မျက်နှာလွှဲ ခဲပစ် ပြုလုပ်ခံနေရပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိ ပြုလုပ်ခြင်း ခံနေရပါသည်။

ရဲမေ မအေးငြိမ်းသီတာ အနေဖြင့် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ပြစ်မှုဖြင့် အရေးယူခံရခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ပါတီနိုင်ငံရေးကိစ္စများတွင် ပါဝင် ပတ်သက်ခြင်း လုံးဝမရှိခဲ့ပါဘဲ နိုင်ငံတော်အပေါ် သစ္စာစောင့်သိစွာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။

ယခုအခါ မအေးငြိမ်းသီတာ အား တရားရုံးတင် စစ်ဆေးဆောင်ရွက်ရန် လုပ်ဆောင်နေခြင်းအပေါ် နိုင်ငံတော်အကြီးအကဲများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိစွာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးအပေါ် အမှန်တရား ပေါ်ပေါက်ရေးကို အလေးထား၍ စိစစ်ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ အသနားခံ တင်ပြအပ်ပါသည်။


မိသားစုဝင်တစ်ဦး


(မှတ်ချက် - မအေးငြိမ်းသီတာ ၏ မှတ်ပုံတင်နံပါတ် အသုံးပြု၍ Kpay account ဖွင့်ထားသော ဖုန်းနံပါတ်မှာ 09762460243 ဖြစ်ပြီး ဖုန်းနံပါတ်ကို မှတ်ပုံတင်ထားသော အမည်မှာ မောင်ဝေလင်းအောင် ၆/သကန(နိုင်) --၉၀၈၂ ဟု ပေါ်ပါသည်။ Kpay Name တွင် ConnectTwentyOne ဟု ဖော်ပြထားပါသည်။ Level 1 account ဖြစ်ပါသည်။ Kpay တွင် ထိုသို့ အမည်ဖော်ပြ၍ အကောင့်ဖွင့်လို့မရပါ။ မှတ်ပုံတင်တွင် ပါရှိသော နာမည်ဖြင့်သာ အကောင့်ဖွင့်နိုင်ပါသည်။ 09762460243 အား မြန်မာနေရှင်နယ်ပို့စ် မှ ခေါ်ဆိုကြည့်ရာ အဝင်ခေါ်ဆိုမှု ပိတ်ထားသည်ကို တွေ့ရှိရပါသည်။ ယခုကဲ့သို့ ဖြစ်ပေါ်နေခြင်းအပေါ်  နည်းပညာပိုင်းဆိုင်ရာမေးမြန်းကြည့်ရာ အဲ့လိုနာမည်တွေနဲ့ Kpay က ခွင့်မပြုဘူး။ လျှောက်ထားတဲ့ မှတ်ပုံတင်နံပါတ်မှာပါတဲ့ နာမည်နဲ့ပဲ ဖွင့်ခွင့်ပြုတယ်။ အဲ့လိုလုပ်နိုင်တာ Kpayက လူတွေပဲဖြစ်နိုင်တယ်။ မအေးငြိမ်းသီတာ ၏ မှတ်ပုံတင်ကိုလည်း KBZ ဆီကပဲ ရသွားနိုင်တယ် ဟု သုံးသပ်ပြောဆိုပါသည်။

နိုင်ငံတာဝန်များကို စဉ်ဆက်မပြတ် နိုင်ငံတော်အပေါ် သစ္စာစောင့်သိစွာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး အပေါ် မှားယွင်းသော ဆုံးဖြတ်ချက်ဖြင့် အပြစ်ပေး အရေးယူခြင်းမျိုး မဖြစ်ပေါ်စေရန်အတွက်သာ မြန်မာနေရှင်နယ်ပို့စ် မှ ဖော်ပြပေးခြင်းဖြစ်ပါသည်။)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)