လွိုင်ကော်၊ ဩဂုတ် ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အနုပညာရှင်များသည် ယမန်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့သို့ သွားရောက်၍ ဒေသတည်ငြိမ်အေးချမ်းမှုအခြေအနေများကိုကြည့်ရှုပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအား တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။
ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အနုပညာရှင်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဟဲဟိုးမြို့မှ ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ဆက်လက်ထွက်ခွာရာ လွိုင်ကော်မြို့အဝင်၌ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက လှိုက်လှဲစွာ ကြိုဆိုကြသည်။
ပြည်ထောင်စု ဝန်ကြီးနှင့် ကယားပြည်နယ် ဝန်ကြီးချုပ်တို့သည် အနုပညာရှင်များနှင့်အတူ လွိုင်ကော်မြို့ရှိ တန်ခိုးကြီးတောင်ကွဲစေတီတော်အား ဖူးမြော် ကြည်ညိုကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်ကော်ခရိုင်ရုံး၌ ဝန်ထမ်းများကို အားပေးစကားပြောကြား၍ ထောက်ပံ့ငွေများ ပေးအပ်သည်။
ညပိုင်းတွင် အနုပညာရှင်များဖြစ်သည့် အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီမေသန်းနု၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ဒိန်းဒေါင်၊ အုန်းသီး၊ ငြိမ်းချမ်း၊ ယဉ်လတ်၊ သဉ္ဇာမြင့်မိုရ်၊ နေခြည်ငြိမ်းချမ်းနှင့် အနုပညာရှင်များက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအား တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဖျော်ဖြေတင်ဆက်မှုအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment