“ရန်နိုင်မင်း” စစ်ဆင်ရေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ရန်နိုင်မင်း” စစ်ဆင်ရေး

 


မြန်မာပြည်အနယ်နယ်အရပ်ရပ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတယ်။ KIA, KNU လက်အောက်မှာ လက်နက်ကိုင် အကြမ်းဖက်သင်တန်းတက်ရောက်ပြီး ပေါ်ပေါက်လာတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ပေါင်းများစွာ ရှိပါတယ်။ ကယားပြည်နယ်မှာတော့ KNPP, KNDFနဲ့ ပအိုဝ်းများထဲက ရှားရှားပါးပါး PNLA ဆိုတဲ့ အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းပြီး ရှမ်း - ကယား နယ်စပ်မှာ အခြေပြုလှုပ်ရှားကြပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာလည်း အကြမ်းဖက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကြောင့် မြို့ရွာတွေ ပျက်စီးခဲ့ရပါတယ်။ ချင်းပြည်နယ်မှာလည်း ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများဖွဲ့စည်းထားတဲ့ NUG အကြမ်းဖက်အဖွဲ့ရဲ့ သြဇာခံ အကြမ်းဖက်အဖွဲ့တွေများစွာ ရှိသလို ရခိုင်ပြည်နယ်မှာလည်း AA အကြမ်းဖက်အဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုကြောင့် ရခိုင်ဒေသခံ ပြည်သူများ စားနပ်ရိက္ခာအခက်အခဲအပြင် အခက်အခဲ ပေါင်းစုံနဲ့ ရင်ဆိုင်နေကြရပါပြီ။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာတော့ KIA, KNU လို ပြည်ပသြဇာခံ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူတွေ အခိုင်အမာ ခြေကုပ်ယူထားတာဖြစ်လို့ အထူးပြောဖို့တောင် မလိုပါဘူး။

အထက်ဖော်ပြပါ နယ်မြေဒေသစုံမှာ အကြမ်းဖက်လှုပ်ရှားမှုတွေ ရှိနေတာဖြစ်လို့ တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေး၊ လက်နက်ကိုင်ပြီး အပြစ်မဲ့ ပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျ စော်ကားမှုတွေ မဖြစ်ရလေအောင် အကြမ်းဖက်နှိမ်နင်းရေးက မဖြစ်မနေ လုပ်ဆောင်ရပါတယ်။ တပ်မတော်က ဘယ်ဒေသကို ဘယ်လို စစ်ဆင်ရေးသတ်မှတ်ပြီး အကြမ်းဖက်နှိမ်နင်းရေးလုပ်နေတယ်ဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိပါဘူး။ အောင်ပွဲရလို့ သတင်းထုတ်ပြန်တော့မှသာ သိရတာဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား ဆောင်ရွက်လာတဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာချိန်မှာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့က KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီသိမ်းပိုက်ထားသည့် မိုးဗြဲမြို့အား  တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ဇူလိုင်လ (၁၂)ရက်နေ့မှာ KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့မှာတော့ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ပြီး ၂ရက်အကြာမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် နောင်ချိုမြို့ကို သွားရောက်ပြီး ဒသေခံပြည်သူများရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ လမ်းညွှန်မှာကြားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ ၂၀၂၄ နှစ်ကုန်ပိုင်းအထိ အကြမ်းဖက်အဖွဲ့တွေက တပ်မတော် ကာကင်းတွေကို တိုက်ခိုက်ပြီး တိုက်စခန်းတွေကို ဝင်စီးတာမျိုး၊ ရဲစခန်းတွေ တိုက်ခိုက်ခံရပြီး အကြမ်းဖက်သမားလက်ထဲ ပါသွားတာမျိုးတွေ စိတ်မချမ်းမြေ့ဖွယ်ရာ ကြုံတွေ့ခဲ့ရတာတွေ ရှိပေမယ့် နောင်ချိုမြို့ကို သိမ်းပိုက်ပြီး နောက်ပိုင်းမှာတော့ အလားတူ ဖြစ်စဉ်မျိုးတွေ မရှိသလောက် ဖြစ်သွားပါတယ်။ ထိုးစစ်ဆင်ပြီး အကြမ်းဖက်စခန်းတွေကို ရှင်းလင်းနေတာမျိုးတွေ့ မြင်လာရပြီဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ မိုးဗြဲ၊ နောင်ချိုတို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော စစ်ဆင်ရေးများနဲ့ ပတ်သက်လို့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter – Terrorism Operation) ခေါင်းစဉ်ဖြင့်သာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

၁၉-၈-၂၀၂၅ ရက်နေ့ KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ထိန်းချုပ်ရရှိတဲ့ အခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားရာမှာ တပ်မတော်က “ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒီးမော့ဆိုမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ထိန်းချုပ်ရရှိတဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်မှာ -

KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားသည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့အား တပ်မတော်က ယနေ့ဩဂုတ် ၁၉ ရက်တွင် အပြည့်အဝပြန်လည်ထိန်းချုပ်ပြီး လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်၊ နိုင်ငံတော်နှင့် အစိုးရ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နှောင့်ယှက်ဟန့်တားရန်၊ ဒေသခံတိုင်းရင်းသားပြည်သူများ အကြောက်တရားများ လွှမ်းမိုးစေရန်ရည်ရွယ်၍ ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နှင့်အနီးဝန်းကျင်တစ်ဝိုက်အား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင်လည်း စစ်ရေးပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီးများ အကူအညီဖြင့် တပ်မတော်စစ်ကြောင်းများ၏ အလစ်အငိုက်ရယူ၍ ဝင်ရောက်ပစ်ခတ်ခြင်း၊ ဆရာ၊ ဆရာမများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး တစ်ဆင့်ပြီးတစ်ဆင့် လွိုင်ကော် မြို့သိမ်းတိုက်ပွဲအား စတင်ဆောင်ရွက်ခဲ့သဖြင့် မြို့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့အကြမ်းဖက်သောင်းကျန်းသူများ လက်အောက်မကျရောက်စေရေး ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်သောင်းကျန်းသူများသည် လွိုင်ကော်မြို့အား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ထိခိုက်ကျဆုံးများစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။

ဆုတ်ခွာထွက်ပြေးသွားခဲ့သည့် KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဒီမော့ဆိုမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ကျေးရွာသူ၊ ကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက်ဝင်ရောက်နေရာယူ၍ အစိုးရ၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် တပ်မတော်တပ်စခန်းများ၊ လုံခြုံရေးတပ်ဖွဲ့များ၏ တပ်ဌာနချုပ်များအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှိုဖျက်ဆီးခြင်း၊ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့်ပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်း စသည့်အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ဒီမော့ဆိုမြို့အတွင်းရှိနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများတွင် အခိုင်အမာခံစစ်ပြုလုပ်ကာ လွိုင်ကော်-ဒီမော့ဆို-ဘောလခဲ ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရိုးသားစွာ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် ၎င်းတို့ပိုင်ဆိုင်သည့် နေအိမ်အဆောက်အအုံများနှင့် ဥစ္စာပစ္စည်းများကို စွန့်ခွာ၍ ဘေးလွတ်ကင်းရာ မြို့၊ ရွာများသို့ ယာယီနေရပ်စွန့်ခွာ သွားရောက်နေထိုင်ခဲ့ကြရသဖြင့် လူ့အခွင့်အရေးများ၊ လူမှုစီးပွားဘဝများ များစွာနိမ့်ကျခဲ့ရကြောင်း။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများအား ၎င်းတို့၏ မြို့/ရွာများရှိနေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ရေး၊ အေးချမ်းပျော်ရွှင်စွာ လူမှုစီးပွားဘဝ ရှာဖွေလုပ်ကိုင်စားသောက်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တယား ပြန်လည်လည်ပတ်နိုင်ရေးအတွက် အဆိုပါ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် ဒီမော့ဆိုဒေသတစ်ဝိုက်နှင့် ဒီမော့ဆိုမြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့မှစ၍ ဒီမော့ဆိုမြို့၏ မြောက်ဘက်ခြမ်း ရွှေယောက်ရပ်ကွက်အတွင်းရှိ တောင်ငူလမ်းဆုံနှင့် အရှေ့တောင်ဘက် ပါဒေါဒူရွာတို့မှစ၍ လက်နက်ကြီးပစ်ကူများဖြင့် စနစ်တကျအဆင့်ဆင့်ခြေကုတ်ယူခဲ့ပြီး ၎င်းမှတစ်ဆင့် အကြမ်းဖက်သမားများ ခံစစ်ပြုလုပ်ထားသည့် မြို့တွင်းရှိ မြေပေါ်မြေအောက်ဘန်ကာများ၊ အထပ်မြင့်အဆောက်အဦများအပါအဝင် စာသင်ကျောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေရာ၊ ချက်ကျောင်းနှင့် ဆေးရုံနေရာတို့အား ခက်ခက်ခဲခဲဖြင့် စွန့်လွတ်စွန့်စားစွာ အချိန်ယူရှင်းလင်းတိုက်ခိုက်ခဲ့ရာ ဩဂုတ်လ(၇)ရက်နေ့တွင် ဒီမော့ဆိုမြို့၏ အရှေ့တောင်ဘက်ရှိပါဒိုးဒူကျေးရွာနှင့် ရှုးဖယ်ခူရပ်ကွက်အားလည်းကောင်း၊ ဩဂုတ်လ(၁၂)ရက်နေ့တွင် ရွှေယောက်ရပ်ကွက်အတွင်းရှိ ဆီဆိုင်နေရာအားလည်းကောင်း၊ ဩဂုတ်လ(၁၄)ရက်နေ့တွင် အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ မြို့နယ်ရဲစခန်း၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအားလည်းကောင်း၊ ဩဂုတ်လ (၁၅)ရက်နေ့တွင် ရွှေယောက်ရပ်ကွက်တစ်ခုလုံးနှင့် စည်ပင်သာယာရပ်ကွက်ရှိမြို့နယ်ခန်းမ၊ မြို့မရပ်ကွက်အတွင်းရှိ ချက်ကျောင်းနေရာများအားလည်းကောင်း၊ ယနေ့တွင် ဒီမော့ဆိုမြို့ တစ်ခုလုံးအားလည်းကောင်း တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးကာလ (၁၆)ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ်(၂၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူထံမှ အလောင်း(၆)လောင်းနှင့် လက်နက်မျိုးစုံ(၅)လက်သိမ်းဆည်းရမိခဲ့ပြီး မိမိတို့ဘက်မှ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံး/ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်သမားများအနေဖြင့် ဒီမော့ဆိုမြို့အား ယာယီထိန်းချုပ်ထားစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ ဆေးရုံ/ဆေးခန်းများနှင့် လူနေအိမ်များအား အကာကွယ်ယူ၍ ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ လူနေ/အိမ်အဆောက်အဦများအကြားနှင့် အများပြည်သူ သွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်း၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ ဆောင်ရွက်ခဲ့ရကြောင်း၊ ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့နှင့် ဒီမော့ဆိုမြို့တို့အား ဆက်သွယ်ထားသည့် လမ်းကြောင်းအား အပြီးတိုင်ဆက်လက်ရှင်းလင်းပေးခြင်းဖြင့် လွိုင်ကော်၊ ဒီမော့ဆို ဆက်သွယ်ရေးလမ်းမကြီးအား မကြာမီအချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ရုံး/ဌာန အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များအား ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အမြန်ဆုံးပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများအပါအဝင် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်/ပိတ်ဆို့ထားသည့် မြို့/ရွာများ၊ ဆက်သွယ်ရေးလမ်းကြောင်းများအား တပ်မတော်က “ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက်နေ့တွင် ဆီဆိုင်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဟိုပုံး-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်းအား မေလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့တွင် မိုးဗြဲမြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပင်လောင်း-ဆောင်းပြောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းကြောင်းအား ဇူလိုင် ၁၁ ရက်နေ့တွင်လည်းကောင်း၊ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်း ဒေသတစ်ခုလုံးအား ဇူလိုင် ၃၁ ရက်နေ့တွင်လည်းကောင်း ပြန်လည်ထိန်းချုပ်/ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယနေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် ဒီမော့ဆိုမြို့အား တပ်မတော်စစ်ကြောင်းများက အပြီးအပိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။

မြို့/ရွာတွေမှာ အကြမ်းဖက်သမားများ ဝင်ရောက်အခြေပြုနေထိုင်ခြင်းကြောင့် ဒေသခံပြည်သူများမှာ ကျီးလန့်စာစားဖြစ်ခဲ့ရပြီး မျိုးဆက်သစ်ကလေးငယ်တွေ မှာ ပညာသင်ကြားခွင့်မရ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဝေးကွာခဲ့ရပါတယ်။ တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးမှသာ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝကို ပြန်လည်အစပျိုး တည်ထောင်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဖြစ်စဉ်ဖြစ်ရပ်တိုင်းကို မှန်ကန်စွာ သုံးသပ်ကြည့်မယ်ဆိုရင် အကြမ်းဖက်အဖွဲ့များက သိမ်းပိုက်သွားခြင်းကြောင့် ဒေသခံပြည်သူများအတွက် ဘာကောင်းကျိုးမှ မရခဲ့ပါဘူး။ တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်မှသာ ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေး ကိစ္စအဝဝ ကို ဆောင်ရွက်ပေးနိုင်တာမျိုးဖြစ်တဲ့အတွက် တပ်မတော်ရဲ့ အောင်ပွဲဟာ ပြည်သူ့အောင်ပွဲလို့ ဆိုရခြင်းပဲ ဖြစ်ပါတယ်။

"ရန်နိုင်မင်း" စစ်ဆင်ရေးနဲ့အတူ ကယားပြည်နယ်အတွင်း အခြေပြုလုပ်ရှားနေတဲ့ KNPP, KNDF, PDF အကြမ်းဖက်အဖွဲ့များ အခြေပြုခိုအောင်းရာ နေရာဒေသများကို ဆက်လက်ရှင်းလင်းဆောင်ရွက်ပေးသွားမယ်ဆိုရင် ဒေသခံပြည်သူများအတွက် မင်္ဂလာရှိသော နေ့ရက်များကို မနှေး အမြန် ရောက်ရှိလာမှာ ဖြစ်ပါကြောင်း -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)