ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သို့ သယ်ဆောင်သည့်ငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၆ ဒသမ ၃၆ ကီလို ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သို့ သယ်ဆောင်သည့်ငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၆ ဒသမ ၃၆ ကီလို ဖမ်းဆီးရမိ



နေပြည်တော်၊ ဩဂုတ် ၂၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ ဩဂုတ်လ ၇ ရက်နေ့ ည ၈ နာရီခွဲအချိန် တောင်ကြီးမြို့၊ အေးသာယာကားကြီးဝင်းတွင် မူဆယ်မြို့နေ သိန်းထွန်းဦး(ခ)ဘိုဘိုမှ မန္တလေးသို့ လူမဲ့တန်ဆာဖြင့် တင်ပို့မည့် WATER COOLER ၈ လုံးအား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ WATER COOLER များအတွင်းမှ ပလတ်စတစ်ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၇ ဒသမ ၀၂ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ် ၁,၀၅၃ သိန်း)အား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

၎င်း၏ဖော်ထုတ်ချက်အရ အလားတူ WATER COOLER များအတွင်း ဘိန်းဖြူများထည့်သွင်း၍ ကားဂိတ်များမှတစ်ဆင့် လူမဲ့တန်ဆာဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ တင်ပို့ထားကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့ပတ်လမ်းရှိ ကုန်စည်ဂိတ်၌ မူဆယ်မြို့ နေ ဇင်ကိုအောင် (ခ) အောင်သူအား WATER COOLER ၁၃ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတည်းခို နေထိုင်သည့် အောင်မြေသာစံမြို့နယ်၊ သီရိမန္တလာကားဝင်းအနီးရှိ တည်းခိုခန်းအား ဆက်လက် ရှာဖွေရာ မုံရွာမြို့၊ သလ္လာရပ်ကွက်နေ မင်းမင်းဇော်(ခ)ကိုဇော်နှင့်အတူ WATER COOLER ၁၀ လုံးအားလည်းကောင်း၊ အောင်မြေသာစံမြို့ နယ်၊ သီရိမင်္ဂလာကားဝင်းရှိကားဂိတ်သို့ လူမဲ့တန်ဆာဖြင့် ပေးပို့ထားသော WATER COOLER ၁၁ လုံးနှင့် ချမ်းမြရွှေပြည်ကားဝင်းရှိ ကားဂိတ်မှ WATER COOLER ၅ လုံးတို့အားလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့သဖြင့် မန္တလေးမြို့တွင် ကလေးမြို့သို့ ဆက်လက်ပို့ဆောင်မည့် WATER COOLER ၃၉ လုံးအတွင်းမှ ဘိန်းဖြူအလေးချိန် ၃၄ ဒသမ ၆၄ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၈,၆၆၀) အား သိမ်းဆည်းရမိခဲ့သည်။

ဇင်ကိုအောင်(ခ)အောင်သူနှင့် မင်းမင်းဇော်(ခ) ကိုဇော်တို့မှ အလားတူ WATER COOLER များအား မန္တလေးမှ ကလေးမြို့သို့ လူမဲ့တန်ဆာဖြင့် ပေးပို့ထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် သိမ်းဆည်းရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိ ကားဂိတ်တွင် WATER COOLER ၂ လုံးအားလည်းကောင်း၊ ၎င်းတို့ငှားရမ်းနေထိုင်သော မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိနေအိမ်အတွင်းမှ WATER COOLER ၁၄ လုံးအားလည်းကောင်း ထပ်မံသိမ်းဆည်းရရှိခဲ့သဖြင့် မုံရွာမြို့၌ သိမ်းဆည်းရမိသည့် WATER COOLER ၁၆ လုံး အတွင်းမှ ဘိန်းဖြူအလေးချိန် ၁၄ ဒသမ ၇ ကီလို(၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၇,၃၅၀) ဖြစ်သဖြင့် ဖမ်းဆီးရမိ စုစုပေါင်း ဘိန်းဖြူ အလေးချိန် ၅၆ ဒသမ ၃၆ ကီလို(၎င်းဒေသတန်ဖိုး ငွေကျပ် ၁ ဒသမ ၇၀၆၃ ဘီလီယံ) အား သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် ဘိန်းဖြူများအား လားရှိုးမှကလေးသို့ တာဝန်ခံသယ်ဆောင်သူ ဘောက်လာ(ခ)ဂျိမ်းဖောအား မူဆယ်မြို့၊ ကောင်းမူးတုံ ရပ်ကွက်ရှိနေအိမ်တွင်လည်းကောင်း၊ မွန်းလွဲ ၁ နာရီခွဲအချိန် ဘိန်းဖြူများအား ဝယ်ယူ၍ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူ စိန်းလျံထန်နှင့် အာကာလင်းတို့အား ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ နေအိမ်တွင်လည်းကောင်း၊ မန္တလေးမှကလေးသို့ ဘိန်းဖြူများ တာဝန်ခံ သယ်ဆောင်သူ ချစ်မင်းဟန်(ခ)အစွယ်အား ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်၊ သီရိမာလာ(အရှေ့)ရပ်ကွက်တွင်လည်းကောင်း အသီးသီးဆက်လက် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ ဝမ်စန့်ကျေးရွာနေ အိုက်ငင်းဦး(ခ)အိုက်ကျန်ဦး(ဖမ်းဆီးရန်ကျန်)ထံမှ ကလေးမြို့နေ လာလ်ပဲက်စိုင်း(ဖမ်းဆီးရန်ကျန်)နှင့် ဝူလ်မွှေး(ဖမ်းဆီးရန်ကျန်)တို့မှ ဝယ်ယူ၍ ကလေးမြို့သို့ အဆင့်ဆင့် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ၎င်းတို့မူးယစ်ဆေးဝါး ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)