မြောက်ဥက္ကလာပ၊ ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ ကမ္ဘာ့သာသနာပြုဆရာတော် မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ကြီး၏ သက်တော် (၇၈)နှစ်ပြည့် ဝိဇာတမင်္ဂလာ အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ်ရှိ ဆရာတော်ကြီးတည်းထားတော်မူသော မဟာကျိန်သစ္စာရှင်ဘုရားကြီး၌ ယနေ့ နံနက် ၉ နာရီ အချိန်တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
ဦးစွာ ကမ္ဘာ့သာသနာပြုဆရာတော် မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော် ဘဒ္ဒန္တ ကုလရက္ခိတ မဟာထေရ်မြတ်ကြီး အား အခမ်းအနား ကျင်းပပြု လုပ်ရာသို့ ရခိုင်မင်္ဂလာစည်တော်တီး၍ တာဝန်ရှိသူများက ပင့်ဆောင်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကမ္ဘာ့သာသနာပြုဆရာတော် မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော် အမှူးပြုသည့် ပင့်သံဃာတော်အရှင်သူမြတ်များ၊ ဂေါပကအဖွဲ့၊ တပည့်တကာ၊ တကာမများ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဥပသကာ ဦးထွန်းဝင်းက လေးဝတီ မင်္ဂလာစည်တော်ဖြင့် အဖွင့် ဝိသိဌမင်္ဂ လာရတုပုဒ်စုံဖြင့် ပူဇော်ခဲ့သည်။
ထို့နောက် ကမ္ဘာ့သာသနာပြုဆရာတော်မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်၏ ထေရုပတ္တိအကျဉ်းအား တာဝန်ရှိသူ သံဃာတော်တစ်ပါးက ရွတ်ဖတ်ပူဇော်ကာ ဆရာ တော်ဘုရားကြီးထံမှ ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြပြီး ကမ္ဘာ့သာသနာ ပြုဆရာတော် မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ကြီး၏သက်တော် (၇၈)နှစ်ပြည့် အတွက် မွေးနေ့ကိတ် အလှူရှင်မိသားစုက ဆက်ကပ်လှူဒါန်းခဲ့ရာ တေးသံရှင်များက မွေးနေ့ပူဇာသီချင်းဖြင့် သီဆိုပူဇော်ခဲ့သည်။ ယင်းနောက် ဧည့်ပရိတ်သတ်များက ဆရာတော်အရှင်သူမြတ်အား သင်္ကန်း ၊ နဝကမ္မ နှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆက်ကပ်လှူဒါန်းကြသော မွေးနေ့ ပဒေသာပင်များအား ၇ ရက်သားသမီးများ ကိုယ်စား တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ကမ္ဘာ့သာသနာပြုဆရာတော် မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ မဟာထေရ်မြတ်ကြီး ထံမှ ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ရတနာ ရွှေမိုး ၊ ငွေမိုး ၊ အဝတ်မိုး ရွာသွန်းဖြိုးကာ အခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost





No comments:
Post a Comment