ဩဂုတ် - ၁၆ ( စနေနေ့ )
လက်ဘနွန်နိုင်ငံအတွင်းမှာ ရှိတဲ့ အီရန်ကျောထောက်နောက်ခံ အဖွဲ့ဖြစ်တဲ့ ဟစ္စဘိုလာအဖွဲ့ကို လက်နက်သိမ်းဖို့ လုပ်နေတဲ့ လက်ဘနွန်အစိုးရအဖွဲ့ကို ဟစ္စဘိုလာအဖွဲ့ခေါင်းဆောင် ရှိတ်နာရင်ကတ်ဆန်က ပြည်တွင်းစစ်ဖြစ်သွားမယ်ဆိုပြီး ကြုံးဝါးလိုက်ပါတယ်။ သူက လက်ဘနွန် အစိုးရကို အမေရိကန်နဲ့ အစ္စရေးတို့ က ညွန်ကြား ခိုင်းစေနေတယ်ဆိုပြီး စွပ်စွဲ လိုက်ပါသေးတယ်။
ကတ်ဆန်က သူတို့အဖွဲ့အနေနဲ့ ဘယ်တော့မှ လက်နက်တွေကို စွန့်လွှတ်မှာ မဟုတ်ကြောင်း၊ အစ္စရေး နဲ့ ၁၄လကြာတိုက်ခိုက်ခဲ့တဲ့ စစ်ပွဲမှာ ဟစ္စဘိုလာအဖွဲ့ အနေနဲ့ အနည်းငယ်အားပျော့သွားကြောင်း၊ အစ္စရေးက လက်ဘနွန် နယ်မြေတွေကို ဆက်လိုက်တိုက်ခိုက်ပြီး သိမ်းယူနေတာကို ငုံ့ခံနေမှာ မဟုတ်ကြောင်း၊ လက်ဘနွန်နိုင်ငံသားတွေကို အစ္စရေး တွေ ဖမ်းဆီးထားနေတာဖြစ်လို့ လက်နက်မစွန့်နိုင်ကြောင်း ပြောသွားပါတယ်။
"လိုအပ်ပါက ကာဘာလာ ပုံစံ တိုက်ပွဲအဖြစ် ကျနော်တို့ တိုက်ခိုက်သွားမှာဖြစ်ပြီး ကုန်ကျစရိတ် ဘယ်လောက်ပဲရှိရှိ အစ္စရေး-အမေရိကန် အစီအစဉ်ကို ရင်ဆိုင်ပြီး အောင်ပွဲခံမယ်လို့ ယုံကြည်ပါတယ်” လို့ သောကြာနေ့က ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာပြောသွားပါတယ်။ မူဆလင်ရှီယိုက်များအတွက် ကာဘာလာဆိုသည်မှာ အာဏာရှင်ကိုဆန့်ကျင်ခြင်း၊ အနစ်နာခံခြင်း ကို ဆိုလိုပြီး လွှမ်မိုးလာတဲ့ အင်အားစုတွေကို ဆန့်ကျင်ဘက်ပြုခြင်းလို့ ဆိုလိုပါတယ်။
ကတ်ဆန်ရဲ့ သတိပေးချက်က မနေ့က ဘေရွတ်မြို့ကို အလည်ရောက်လာတဲ့ အီရန်အမျိုးသားလုံခြုံရေး ကောင်စီအတွင်းရေးမှူးကို လက်ဘနွန် သမ္မတ က ပြည်တွင်းရေးကို မစွက်ဖက်ဖို့အတွက် သတိပေးပြောဆိုမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost

No comments:
Post a Comment