မြန်မာနိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ပယ်ဖျက်လိုက်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ တုံ့ပြန်ပြောကြားချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်က ဇူလိုင် ၃၁ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းသည် ဇူလိုင် ၃၁ ရက်က ပုံမှန်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ပယ်ဖျက်လိုက်သည်ဟု ယနေ့ (ဇူလိုင် ၃၁ ရက်) ကြေညာခဲ့ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု AFP သတင်းထောက်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထို့အပေါ် ကောကျားခွန်းက ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအခြေအနေ၏တိုးတက်မှုများအား အထူးဂရုပြုပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတည်ငြိမ်ရေး ထိန်းသိမ်းမှု၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်သည့် ကြိုးပမ်းမှုများကို အစဉ်တစိုက် ထောက်ခံသလို မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းမှုကို ထောက်ခံပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအစီအစဉ်များအား တည်ငြိမ်သင့်လျော်စွာ တွန်းအားပေးဖော်ဆောင်ခြင်းကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံ ပါတီအသီးသီး၊ အဖွဲ့အသီးသီးက အခြေခံဥပဒေနဲ့ တရားဥပဒေမူဘောင်အတွင်း နိုင်ငံရေးနည်းလမ်းကတစ်ဆင့် ကွဲလွဲမှုတွေ လျော်ကန်စွာ စီမံမှုကို ကြိုဆိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ပြည်တွင်းရေးမစွက်ဖက်ခြင်း အခြေခံမူကို အခိုင်အမာလက်ကိုင်ထားရာ မြန်မာနိုင်ငံ ဘက်အသီးသီး၏လိုအပ်ချက်အရ အပြုသဘောဆောင်မှုဖြင့် ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအခြေအနေ တည်ငြိမ်စွာ ပြေလည်ရေးအတွက် အပြုသဘောအခန်းကဏ္ဍမှ ပါဝင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
Ref - ဆင်ဟွာ
https://t.me/MyanmarNationalPost

No comments:
Post a Comment