ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ် အချိုးကျ စနစ်(MMP- Mixed Member Proportion System)ကို အသုံးပြုဆောင်ရွက်သွားမည်၊ အခြေခံပညာအဆင့် ပြီးဆုံးသူများကိုသာ ကိုယ်စားလှယ်လောင်းများအဖြစ် သတ်မှတ်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ် အချိုးကျ စနစ်(MMP- Mixed Member Proportion System)ကို အသုံးပြုဆောင်ရွက်သွားမည်၊ အခြေခံပညာအဆင့် ပြီးဆုံးသူများကိုသာ ကိုယ်စားလှယ်လောင်းများအဖြစ် သတ်မှတ်ထား


နေပြည်တော်၊ သြဂုတ် ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၅)ကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဗိုလ်ချုပ်မှူါ်ကြီး မင်းအောင်လှိုင်က "တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရေးအတွက် ယခုကျင်းပမည့်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ် အချိုးကျ စနစ်(MMP- Mixed Member Proportion System)ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ပြောကြားသွားသည်။

ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်မှူးကြီးက ရှေ့လုပ်ငန်းစဉ်များ၏နောက်ဆုံးအချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟူသည့်အပိုင်းကို ဆက်လက်တင်ပြလိုကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပပေးပြီး ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးနိုင်ရေးပင်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ရရှိသည့် ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၃ သန်းကျော် ရှိပြီး အလုပ်သမားဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့်စာရင်းများအရ ပြည်ပနိုင်ငံ များတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူ ၃ ဒသမ ၄ သန်းကျော်ရှိကြောင်း၊ ထို့ ကြောင့် မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေသည် ၅၄ ဒသမ ၇ သန်းကျော် ရှိသည်ကို တွေ့ရှိရကြောင်း၊ သန်းခေါင်စာရင်းမှ ရရှိလာသည့် လူဦးရေဆိုင်ရာ အချက်အလက်များကို အခြေခံပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအတိုင်း မဲဆန္ဒရှင်စာရင်းကို စနစ်တကျ ပြုစုဆောင်ရွက်လျက်ရှိကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအတိုင်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ရွေးကောက်ပွဲဥပဒေများနှင့်အညီ ဒေသအလိုက် လုံခြုံရေးအခြေ အနေအပေါ်မူတည်ပြီး ကျင်းပပြုလုပ်သွားရန်စီမံဆောင်ရွက်နေကြောင်း၊ မိမိတို့ နိုင်ငံ တွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျင်းပခဲ့သည့်ရွေးကောက်ပွဲများကို ပြန်ပြီး လေ့လာကြည့်ပါက အများစုသည် ရွေးကောက်ပွဲကို သတ်မှတ်သည့် ရက် ၁ ရက် အတွင်း အပြီးဆောင်ရွက်ခဲ့ကြသော်လည်း ပထမအကြိမ် ပါလီမန်အထွေထွေရွေး ကောက်ပွဲကိုမူ ၁၉၅၁ ခုနှစ်၊ ဇွန်လမှ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အသုတ် လိုက်ခွဲ ၍ ကျင်းပခဲ့သည်ကိုတွေ့ရှိရကြောင်း၊ အဆိုပါခေတ်ကာလက ဆာဘဦး ခေါင်းဆောင် သည့် ရွေးကောက်ပွဲကော်မရှင်သည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် ပါလီမန် အထွေထွေရွေးကောက်ပွဲကို တစ်နယ်ပြီးတစ်နယ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် လုံခြုံရေးအခြေအနေအရ မိမိတို့ အနေဖြင့်လည်း မကြာခင်ကျင်းပမည့်ရွေးကောက်ပွဲကို လုံခြုံရေးနှင့် စီမံခန့်ခွဲမှုအပေါ်မူတည်ပြီး အပိုင်းခွဲကျင်းပသွားမည်ဖြစ်ကြောင်း၊ တစ်ပိုင်းနှင့်တစ်ပိုင်းကို အနည်းဆုံး ရက်သတ္တ တစ်ပတ်ခြားပြီးဆောင်ရွက်ရန်လျာထားကြောင်း၊ မဲဆန္ဒရှင်များမဲပေးရာတွင် အဆင်ပြေစေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်အထိ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုမှ မဲဆန္ဒရှင် ပြည်သူ ၁၁၇၂၇၉ ဦးကို မြန်မာ အီလက်ထရော နစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်းသည့် ရှင်းလင်းပြသမှုများ၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးမှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ဒေသများကို ဆက်လက်ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း။

တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရေးအတွက် ယခုကျင်းပမည့်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ် အချိုးကျ စနစ်(MMP- Mixed Member Proportion System)ကို အသုံးပြုဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင်လည်း မဲစာရင်းများမှန်ကန်ရေး၊ ဆန္ဒမဲ ပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး အရေးကြီးသကဲ့သို့ လွတ်လပ်ပြီး တရားမျှတမှု အပြည့်ရှိသော ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက်လည်း နိုင်ငံတကာက ရွေးကောက်ပွဲစောင့်ကြည့် လေ့လာအကဲခတ်ရေး ကိုယ်စားလှယ်များ ကို ဖိတ်ခေါ်ထားကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ ကျင်းပသည့် ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပြီး ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် လွှတ်တော်သည်လည်း ဂုဏ်သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ဖြစ်သည်ကို ကမ္ဘာကို ချပြနိုင်မည်ဖြစ်ကြောင်း။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်နိုင်သည့် စာရင်း ၁၁,၃၀၅,၃၉၀(တစ်ဆယ့်တစ်သန်းသုံးသိန်းကျော်)ကို တာဝန်ရှိသူအဆင့်ဆင့်က ဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်အသီးသီးအားခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန်ကြိုးစားခြင်းတို့သည် ဖွဲ့စည်းပုံခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀(ဂ)နှင့် ပုဒ်မ ၄၁၇ တွင်ပါရှိသည့် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်၏ ယာယီသမ္မတက ဖွဲ့စည်းပုံခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး ပုဒ်မ ၄၁၈(က)အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတွေကို လွှဲအပ်ပေးခဲ့တဲ့အတွက် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်တာဝန်များကို ရယူ ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်မှုများအဖြစ် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်မဲပေးနိုင်ရန်အတွက် ပန်းခင်းစီမံချက်များချမှတ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသူ ၆,၂၁၀,၂၅၆ ဦးကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။

၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူနိုင် ခဲ့ပြီးရရှိလာသည့် လူဦးရေဆိုင်ရာအချက်အလက်များနှင့် အခြေခံမဲဆန္ဒရှင်စာရင်းကိုလည်း ပြုစုနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုဆိုပါက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်ကိုအရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာစဉ်က ပါရှိခဲ့သည့်ကိစ္စရပ် အားလုံးကို မိမိတို့အစိုးရအနေဖြင့် အောင်မြင်စွာဖြေရှင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကိုအရေးပေါ်အခြေအနေ ကြေညာခဲ့စဉ်ကပါရှိခဲ့သည့် ကိစ္စရပ်များကို ပြီးပြတ်အောင်ဆောင်ရွက်ပြီးဖြစ်ခြင်း၊ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် အထွေထွေရွေးကောက်ပွဲတစ်ရပ်အား မဖြစ်မနေကျင်းပပေးရန်လိုအပ်ခြင်းတို့ကြောင့် နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာထားခြင်းအား ရုပ်သိမ်းပေးနိုင်ပါရန်နှင့် မိမိတို့အစိုးရအပေါ် ပေးအပ်ထားသော နိုင်ငံ့တာဝန်များကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သို့ ပြန်လည်အပ်နှံ ခွင့်ပြုပါရန်တင်ပြအပ်ပါကြောင်း ပြောကြားသွားသည်။

ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲပြုလုပ်နိုင်ရန်အတွက် အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအနေဖြင့် ထောက်ခံတင်ပြခဲ့ပါကြောင်း၊ ရွေးကောက်ပွဲကို ကျင်းပရာတွင် နိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရ တစ်ကြိမ်တည်းဖြင့် ဆောင်ရွက်၍မရဘဲ အပိုင်းလိုက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပဋိပက္ခများရှိနေသည့် မြို့နယ်များရှိသကဲ့သို့ ယခင်ကတည်းက ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များလည်းရှိကြောင်း၊ ရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲပေးစက်များသည်လည်း အချိန်တိုကာလအတွင်း ရလဒ်များထွက်ပေါ် အတည်ပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင်မဲမသမာမှု ဆောင်ရွက်၍ မရကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် မဲစာရင်းမှားယွင်းခဲ့မှုများ ဖြစ်ပေါ်ခဲ့မှုအပေါ် သင်ခန်းစာယူ၍ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ်နှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း နေထိုင်နေရသည့် ပြည်သူများသည်လည်း ဥပဒေအရမဲပေးခွင့်ရှိသဖြင့် ကြိုတင်ဆန္ဒမဲများဖြင့် မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း၊ မိမိတို့အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲများပေးသည့်အချိန်တွင် မဲမသမာမှုများမဖြစ်ပေါ်စေရေးနှင့် သမာသမတ်ရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းရာတွင်လည်း လွှတ်တော်အသီးသီးတွင် တာဝန်ယူရမည့်သူများသည် ဥပဒေပြုရေးကိုဆောင်ရွက်ရခြင်းဖြစ်သဖြင့် အခြေခံပညာအဆင့် ပြီးဆုံးသူများကိုသာ ကိုယ်စားလှယ်လောင်းများအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)