အကြမ်းဖက် MNDAA, TNLA တို့၏ သရုပ်မှန်ကို သိမြင်စေသား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက် MNDAA, TNLA တို့၏ သရုပ်မှန်ကို သိမြင်စေသား








ရှမ်းပြည်နယ် (မြောက်ပိုင်းမှာ) နယ်မြေလုပွဲ ဆင်နွှဲနေတဲ့ TNLA, MNDAA အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်လို့ စာရေးသူတထစ်ချ ယုံကြည်ထားတာက သူတို့ကို နောက်ကွယ်က ကူညီပေးတဲ့ အဖွဲ့အစည်း၊ ကြိုးကိုင်နိုင်နေသူတွေ ရှိတယ်။ ဒါက မြေကြီးလက်ခတ်မလွဲ အများပြည်သူ သိမြင်နိုင်တဲ့ အချက်ပါပဲ။

ယမန်နေ့ (၂၀-၈-၂၀၂၅) ရက်နေ့ UWSA အဖွဲ့က သတင်းကို ဝေဝေဆာဆာ ပြန်လည်ဖော်ပြလာတာတွေ့ရတယ်။ အဲဒါကတော့ "UWSA မှ MNDAA, TNLA, SSPP တို့နဲ့တွေ့ဆုံပြီး ၎င်းရဲ့တရားဝင် စစ်ရေး ဆုံးဖြတ်ချက်ကို ကြေငြာခဲ့" တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ "မည်သည့် လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ မည်သည့် အဖွဲ့အစည်းကို မည်သည့်အကြောင်းပြချက်နှင့်မှ မည်သည့် နေရာ၊ အချိန်၌ ဖြစ်စေ ငွေကြေးအကူအညီ ပေးမည်မဟုတ်တော့" ဟုဆိုတဲ့ သတင်းဖြစ်ပါတယ်။

"ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA မှ တအာင်းတပ် - TNLA, ကိုးကန့်တပ် - MNDAA နဲ့ ရှမ်းတပ် - SSPP အစရှိတဲ့ တိုင်းရင်း သား လက်နက်ကိုင် (၃) ဖွဲ့ပါဝင်တဲ့ ဆွေးနွေးပွဲကို ပန်ဆန်းမြို့မှာ ပြုလုပ်ခဲ့ပြီး ၎င်းရဲ့ တရားဝင် စစ်ရေးဆုံးဖြတ်ချက်တွေကို ကြေငြာခဲ့တယ်လို့ WSTV က ထုတ်ပြန်ပါတယ်။ 

 "ဝ"ပြည်နယ် ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင် အစိုးရဒုတိယ ဥက္ကဋ္ဌ ပြည်ပဆက်ဆံရေးဝန်ကြီး Zhao Guoan က ဆွေးနွေးပွဲ တက်ရောက်လာကြတဲ့ ကိုးကန့်တပ်၊ တအာင်းတပ်နဲ့ ရှမ်းတပ်မတော်တို့ကို လက်ရှိစစ်ပွဲနဲ့ မငြိမ်မသက်မှု ကိစ္စရပ်အားဦးစွာ အသိပေးပြီး ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့လုံးက အကြီးတန်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး "ဝ" တပ် - UWSA ဘက်မှလည်း ၎င်းရဲ့ တရားဝင်စစ်ရေး ဆုံးဖြတ်ချက်တွေကို ကိုယ်စားလှယ်အဖွဲ့တွေအား ကြေငြာခဲ့ကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒုဥက္ကဋ္ဌ Zhao Guoan က သိသာထင်ရှားသော "ဝ" ပြည်နယ်၏ ဆုံးဖြတ်ချက်ကို အသိပေးရန် ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ဤအရေးကြီးဆုံးဖြတ်ချက်ကို တရားဝင်မကြေငြာမှီတွင် "ဝ" ပြည်နယ်ဘက်မှ ညီအကိုမောင်နှမများကိုယ်စား "ဝ" ပြည်နယ်၏ ငြိမ်းချမ်းရေး ရပ်တည်ချက်နှင့် လက်ရှိရင်ဆိုင်နေရသော အလွန်ဆိုးရွားသော အခြေအနေများကို အသိပေးလိုပါကြောင်း၊ "ဝ" ပြည်နယ်သည် မည်သည့် လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ သို့မဟုတ် မည်သည့် အဖွဲ့အစည်းကို မည်သည့် အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့် နေရာ၌ဖြစ်စေ ငွေကြေး အကူအညီ ပေးမည် မဟုတ်ကြောင်း၊ ဤဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသို့ တရားဝင် ကြေညာမည်ဖြစ်ပြီး အဖွဲ့အစည်းများအနေဖြင့် လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေးအကူအညီများ သို့မဟုတ် အခြားထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် "ဝ" ပြည်နယ်ကို ထပ်မံနှောက်ယှက်ခြင်းမှ ရှောင်ကြဉ်ရန် အဖွဲ့အစည်းများအား တိုက်တွန်းအပ်ပါကြောင်း ပြောကြားတယ်လို့ ဖော်ပြပါရှိပါတယ်။

အစိုးရက အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားတဲ့ အကြမ်းဖက် (MNTJP/MNDAA)၊ အကြမ်းဖက် (PSLF/TNLA) နဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့မှ ကိုယ်စားလှယ်တွေ အနေနဲ့လည်း "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် - UWSA ရဲ့ တရားဝင် စစ်ရေးဆုံးဖြတ်ချက်နဲ့ စပ်လျဉ်ပြီး အဖွဲ့ (၃) ဖွဲ့လုံးက "ဝ" ပြည်နယ်ရဲ့ ဆုံးဖြတ်ချက်ကိုနားလည် သဘောပေါက်ကြောင်း ဖော်ပြခဲ့ကြတယ်လို့ ရေးသားထားပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို "ဝ" ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA, ဗဟိုကော်မတီ အဖွဲ့ဝင်မှ ထိပ်သီးခေါင်းဆောင်တွေနဲ့အတူ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် MNDAA, TNLA တို့ကို UWSA က ကူညီပံ့ပိုးပေးတာ တစ်စိတ်တစ်ပိုင်းအားဖြင့် ဖြစ်ပါလိမ့်မယ်။ တိုင်းဖျက်၊ ပြည်ဖျက် အကြမ်းဖက်လှုပ်ရှားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ရာ အခြားသော တိုင်းပြည်၊ အဖွဲ့အစည်းများထံက အကူအညီရနိုင်သလို၊ သူတို့ရဲ့ မူးယစ်ဆေးဝါး ဖြန့်ချိရေးလုပ်ငန်းကလည်း ငွေကြေးပမာဏများစွာ ရရှိနေပါတယ်။ အကြမ်းဖက် MNDAA, TNLA တို့က မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန်မှာ UWSA ရဲ့ ကူညီပံ့ပိုးမှုတွေလည်း ရှိနေတယ်ဆိုတာ ယခု ဆုံးဖြတ်ချက်ထွက်လာတဲ့အတွက် ပြည်သူများအနေနဲ့ ပိုပြီး ရှင်းလင်းစွာ သိမြင်သွားစေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အဖွဲ့အစည်းတွေကြားမှာ မဟာမိတ်ပြုလုပ်ထားတဲ့ သဘောတွေရှိတယ်။  အပြန်အလှန် ကူညီပံ့ပိုးမှုတွေ ရှိမယ်။ ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ AA အကြမ်းဖက်အဖွဲ့ဆိုရင် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဖြစ်လာဖို့ KIA လက်အောက်မှာ နှစ်ပေါင်းများစွာ တပည့်ခံပြီးမှ ဖြစ်တည်လာတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ၂၀၁၅ မူဆယ်မြို့၊ (၁၀၅)မိုင် ကုန်သွယ်ရေးစခန်းနဲ့ လမ်းတလျှောက် တိုက်ခိုက်မှုတွေ လုပ်ခဲ့စဉ်ကဆိုရင် KIA, MNDAA, TNLA, AA တို့ဟာ မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့ဆိုတဲ့ ခေါင်းစဉ်နဲ့ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၂၀ နောက်ပိုင်းမှာတော့ KIA က နီပိန်း ပဒက်တွေနဲ့ အင်အားဖြည့်တင်းနိုင်ခဲ့ပြီး မဟာမိတ်(၄)ဖွဲ့ထဲက ထွက်သွားခဲ့သလို TNLAနဲ့ KIA နယ်မြေလု ရန်ပွဲတွေလည်း မကြာခဏတွေ့လာရပါတယ်။ 

UWSA အနေနဲ့ အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ MNDAA, TNLA တို့ကို လက်နက်၊ ငွေကြေး ကူညီပံ့ပိုးပေးတော့မှာ မဟုတ်ကြောင်း အတိအလင်း သတင်းထုတ်ပြန်လာတဲ့အတွက် အကြမ်းဖက်လှုပ်ရှားမှုတွေ လျော့ကျလာမှာ ဖြစ်ပါတယ်။

သို့သော်လည်း တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်အနေနဲ့ကတော့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေ မျက်နှာပြောင်တိုက်ပြီး လုပ်ခဲ့ကြတဲ့ အကြမ်းဖက်အဖွဲ့တွေကို လက်နက်နှိမ်နင်းနေရအုံးမှာပဲ။ အများပြည်သူကို ဒုက္ခပေးပြီး အကြမ်းဖက်အဖွဲ့တွေ ဂုဏ်ဆာနေသ၍ စဉ်ဆက်မပြတ် နှိမ်နင်းရမှာ တပ်မတော်ရဲ့ တာဝန်ပဲ မဟုတ်ပါလား။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)