နေပြည်တော်၊ ဩဂုတ် ၆
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုရေးလုပ်ငန်းကော်မတီ (Engineering Education Accreditation Committee -EEAC) မှကြီးမှူး၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်နှင့် Polytechnic University များတွင် နိုင်ငံတကာအဆင့်မီ အင်ဂျင်နီယာပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား လေ့လာဆန်းစစ်ဖြည့်ဆည်းဆောင်ရွက်ရေး အစည်းအဝေးကို ယမန်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ နည်းပညာတက္ကသိုလ်များနှင့် Polytechnic University များမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် ပညာရေးကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး မွေးထုတ်ပေးလိုက်သည့် အင်ဂျင်နီယာများသည် နိုင်ငံတကာအဆင့်မီပညာရှင်များ ဖြစ်ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသူများ ဖြစ်ရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက နိုင်ငံတကာအဆင့်အင်ဂျင်နီယာ ပညာရေး၏ သဘောသဘာဝ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ဆောင်ရွက်လျက်ရှိသည့် အင်ဂျင်နီယာပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တာဝန်ရှိသူများက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များအား အရည်အသွေးစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် တွေ့ရှိခဲ့သည့်အချက်များ၊ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ပါမောက္ခချုပ်များက မိမိတို့တက္ကသိုလ်အလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment