World Youth Skills Day 2025 အထိမ်းအမှတ် ကျောင်းသားကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည် ပြိုင်ပွဲများ နှင့် တီထွင်ဆန်းသစ်မှုစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

World Youth Skills Day 2025 အထိမ်းအမှတ် ကျောင်းသားကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည် ပြိုင်ပွဲများ နှင့် တီထွင်ဆန်းသစ်မှုစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်

 



ချမ်းအေးသာစံ ၊  ဩဂုတ် ၁၄


နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင် ကောလိပ်(ဘယ်လင်း)တွင် World Youth Skills Day 2025 အထိမ်းအမှတ်အဖြစ် ကျောင်းသားကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည် ပြိုင်ပွဲများနှင့် Innovation Project ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ်၁၃ရက် နံနက်ပိုင်းက ကျင်းပသည်။


အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး၊   နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်များ၊ အစိုးရနည်းပညားကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံနှင့်အစိုးရနည်းပညာ အထက်တန်း ကျောင်းများမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲများကျင်းပပေးခြင်းအားဖြင့် အရည်အသွေးကောင်းမွန်သည့် TVET ပညာရေးဆောင်ရွက်ရန်အတွက် အထောက်အကူ တစ်ခုဖြစ်ကြောင်း၊ အချိန်တိုအတွင်းသတ်မှတ်ကျွမ်းကျင်မှုများရရှိစေရန်လေ့ကျင့်   ပြုလုပ် နိုင်သည့် နည်းလမ်းများ၊ ကျောင်းအချင်းချင်းနည်းပညာဆိုင်ရာများ၊  သင်ကြားမှု နည်းစနစ်များ၊ လုပ်ငန်းခွင်တွင်လိုအပ်သည့် ကျွမ်းကျင်မှုများကို ရရှိနိုင်ရန်အတွက် လေ့ကျင့်ဆောင်ရွက်နိုင်မည့် နည်းလမ်းများစသည်တို့ကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးဖလှယ်နိုင်ရုံသာမက လုပ်ငန်းခွင် လိုအပ်ချက်နှင့်ကိုက်ညီသည့် TVET ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် များစွာ အခွင့်အလမ်းရရှိလာမည်ဖြစ်ကြောင်း၊ နည်းပညာကျွမ်းကျင်သော အတတ်ပညာရှင်များ၊ လုပ်ငန်းခွင်နှင့်ကိုက်ညီသော လက်တွေ့လုပ်ဆောင်နိုင်သူများ၊ စံချိန်စံညွှန်း သတ်မှတ်ချက်များ နှင့်ကိုက်ညီသည့် ကျွမ်းကျင်သူများဖြစ်အောင်၊ အရည်အသွေးများတိုးတက် လာအောင်လေ့လာ ဆည်းပူး ကြိုးစားနေကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဂုဏ်ပြုအမှာစကားနှင့် ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင် ကောလိပ်(ဘယ်လင်း)ကျောင်းအုပ်ကြီးက ပြိုင်ပွဲနှင့်ပတ်သက်၍ ပြောကြားပြီးနောက် တာဝန်ရှိသူများက ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ပေးသူများကို ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး နှင့်တာဝန် ရှိသူများက ပြိုင်ပွဲအလိုက် ဆုရရှိသူ ကျောင်းသားကျောင်းသူများ အား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး ဆုရ Project များအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။


အဆိုပါပြိုင်ပွဲများကို ဩဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိကျင်းပခဲ့ပြီး လက်တွေ့ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲ၌ ဘာသာရပ်ခြောက်ခုမှ ပြိုင်ပွဲဝင် ခေါင်းစဉ်ခြောက်မျိုးတွင် ကျောင်းသား ကျောင်းသူ (၇၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ Innovation Project ပြိုင်ပွဲတွင် နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံနှင့် ကျောင်းများက World Youth Skill Day 2025  အထိမ်းအမှတ်အဖြစ် ဘာသာရပ်ဆိုင်ရာ Innovation Project (၈)ခုနှင့် Grassroots  Innovation Project (၈)ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ငယ်-ထုံးဘိုတိုးဂိတ်သို့ရောက်ရှိပြီး ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ယာဉ်ကြောရှုပ် ထွေးမှုများမဖြစ်ပေါ်စေရေး၊ ယာဉ်စစ်ဆေးခြင်းများ စနစ်တကျဖြစ်စေရေး၊  လမ်းမကြီးပေါ်တွင် ရေဝပ်ရေတင်ခြင်းများ မရှိစေရန် ရေနုတ်မြောင်းစနစ်များ ကောင်းမွန်စေရေးတို့အတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)