ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာဇက်စတန်နိုင်ငံ၊ Astana International Financial Center (AIFC) သို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာဇက်စတန်နိုင်ငံ၊ Astana International Financial Center (AIFC) သို့ သွားရောက်လေ့လာ






နေပြည်တော်၊ စက်တင်ဘာ ၂၉

ကာဇက်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံ၊ အက်စတာနာမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါ၍ ယမန်နေ့က Astana International Financial Center (AIFC) သို့ သွားရောက်ကြည့်ရှုလေ့လာသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား (AIFC) အုပ်ချုပ်မှုဆိုင်ရာဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr. Bakhtiyar Tleubekov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စင်တာအတွင်း လိုက်လံကြည့်ရှုလေ့လာကြပြီး ဌာနအလိုက်တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ယင်းနောက် (AIFC) အုပ်ချုပ်မှုဆိုင်ရာဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကာဇက်စတန်နိုင်ငံ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများက(AIFC)ဆိုင်ရာအချက်အလက်များ၊ နည်းပညာတိုးတက်မှုမြင့်မားပြီး ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာဆန်းသစ်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ ကာဇက်စတန်နိုင်ငံအတွင်း အထူးစီးပွားရေးဇုန်များဖော်ဆောင်၍ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိမှုနှင့် လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်း၊ နည်းပညာဆိုင်ရာတို့အပြင် စိတ်ချလုံခြုံစွာလုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးထားမှု၊ မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးအလိုက် လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ Astana International Financial Center (AIFC) မှတာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စင်တာအတွင်းရှိ Museum of Trust အတွင်း ကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ Astana International Financial Center (AIFC) သည် Astana မြို့တွင် တည်ရှိသည့် ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကာဇက်စတန်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကမ်းလှမ်းနိုင် ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ Belt and Road Initiative (BRI)စီမံကိန်းတို့နှင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိသည့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး အာရှအလယ်ပိုင်းဒေသမှအစပြု၍ အရှေ့အလယ်ပိုင်းဒေသ၊ တရုတ်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံများအထိ ကမ္ဘာအနှံ့ဖြန့်ကြက်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

စက်တင်ဘာ ၂၇ ရက်ညပိုင်းတွင်လည်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အက်စတာနာမြို့ရှိ Baiterek သမိုင်းဝင်အထိမ်းအမှတ်အဆောက်အဦလေ့လာရေးမျှော်စင်နှင့် အက်စတာနာမြို့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများအား လှည့်လည်ကြည့်ရှုလေ့လာသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် Baiterek သမိုင်းဝင်အထိမ်းအမှတ် အဆောက်အဦသို့ရောက်ရှိကြပြီး လှည့်လည်ကြည့်ရှုလေ့လာခဲ့ကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

အဆိုပါ (Baiterek) သမိုင်းဝင်အထိမ်းအမှတ်အဆောက်အဦနှင့် လေ့လာရေးမျှော်စင်သည် ၁၉၉၇ ခုနှစ်တွင် ကာဇက်စတန်၏မြို့တော် အက်စတာနာအဖြစ် ပြောင်းရွှေ့မှုအဖြစ် သင်္ကေတပြုသော သမိုင်းဝင်အဆောက်အဦဖြစ်ပြီး နိုင်ငံ၏သင်္ကေတနှင့် ခေတ်သစ်ဗိသုကာလက်ရာ၏ ထင်ရှားသော မှတ်တိုင်နေရာတစ်ခုဖြစ်သည့်အပြင် ကာဇက်စတန်လူမျိုးများ၏ ဘဝသစ်စတင်ရာ နေရာတစ်ခုလည်းဖြစ်ကြောင်း၊ (Baiterek)သည် အမြင့် ၉၇ မီတာ (၃၁၈ ပေ) ရှိပြီး အပေါ်ဘက်တွင်ရှိသော ဖန်ဘောလုံးကြီးအား တိုင် ၅၀၀ ဖြင့် အောက်မှပင့်တင်ထားသည့် ပုံစံမျိုးတည်ဆောက်ထားကာ ထောင့်အမျိုးမျိုးမှ ရုတ်တရက်ကြည့်မည်ဆိုလျှင် ရွှေဖြင့်ပြုလုပ်ထားသည်ဟု ထင်ရကြောင်း၊ (Baiterek)၏ ဒီဇိုင်းပုံကြမ်းကို ကာဇက်စတန်နိုင်ငံ၏ ပထမဆုံးသမ္မတ Mr. Nursultan Nazarbayev မှ လေယာဉ်ပျံသန်းနေသည့်အချိန် လက်ကိုင်ပဝါပေါ်တွင် ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းလက်ကိုင်ပုဝါကို ပထမဆုံးသမ္မတပြတိုက်တွင် သမိုင်းဝင်အမွေအနှစ်အဖြစ် သိမ်းဆည်းထားကြောင်း၊ (Baiterek)မျှော်စင်၏ ဒီဇိုင်းနှင့်သင်္ကေတများသည် လှည့်လည်နေထိုင်သွားလာသူများ၏ ရိုးရာယုံကြည်မှုများနှင့် နီးကပ်စွာဆက်စပ်နေပြီး (Baiterek)ဆိုသည်မှာ ကာဇက်ရိုးရာဒဏ္ဍာရီတွင် ရှင်သန်ခြင်းသစ်ပင်ကြီး (Tree of Life)ကို ရည်ညွှန်းထားကြောင်း၊ ဒဏ္ဍာရီအရ ဤသစ်ပင်ပေါ်တွင် Samruk ဟုခေါ်သော ဒဏ္ဍာရီလာငှက်ကြီးနေထိုင်ပြီး ရွှေဥဥကာ နေကို ကိုယ်စားပြု၍ ရှင်သန်ခြင်းနှင့် မျှော်လင့်ချက်ရောင်ခြည်ကို ပေးစွမ်းသည်ဟုသိရှိရကြောင်း၊ ထိုနည်းအားဖြင့် ကာဇက်လူမျိုးများသည် အကောင်းနှင့်အဆိုး၏ ရုန်းကန်မှု၊ ရာသီများအပြောင်းအလဲကို နေ့ရောညပါပုံဖော်ကြကာ ဘိုင်တီရက်၏ထိပ်တွင် ၂၂ မီတာရှည်သော ရွှေဘောလုံးသည် ဒဏ္ဍာရီလာနေမင်းကို ကိုယ်စားပြုကြောင်း၊ (Baiterek) အထိမ်းအမှတ်အဆောက်အဦကို မြို့တော်၏ ယဉ်ကျေးမှုဗဟိုချက်အဖြစ် ဖန်တီးခဲ့ခြင်းဖြစ်ပြီး မြေအောက် ၄.၅ မီတာတွင် ငါးပြတိုက်၊ ကော်ဖီဆိုင်နှင့် ယဉ်ကျေးမှုစင်တာတစ်ခုရှိကာ ၃၄ လွှာရှိ "ရွှေဘောလုံး" တင်ထားသည့်နေရာ လေ့လာရေးမျှော်စင်မှ မြို့ပြ၏ရှုခင်းများကို ကြည့်ရှုခံစားနိုင်ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် ဘာသာ ပေါင်းစုံ(၁၇)ခုမှ ကိုယ်စားလှယ်များသည် (Baiterek) အထိမ်းအမှတ်အဆောက်အဦတွင် ပထမဆုံးအကြိမ်အဖြစ် ဆုတောင်းမှုပြုလုပ်ခဲ့ကြကြောင်း၊ ဘိုင်တီရက်သည် ကာဇက်စတန်၏ ယဉ်ကျေးမှု၊ ဒဏ္ဍာရီနှင့် ခေတ်သစ်တိုးတက်မှုတို့ကို ပေါင်းစပ်ထားသော အံ့ဖွယ်အဆောက်အဦတစ်ခုဖြစ်ကာ ငြိမ်းချမ်းမှု၏ ပြယုဒ်တစ်ခုလည်းဖြစ်ကြောင်း၊ လာရောက်လေ့လာကြသူများအနေဖြင့်လည်း (Baiterek)အထိမ်းအမှတ် အဆောက်အဦတွင် ဆုတောင်းမှုများကို ပြုလုပ်ကြကြောင်းသိရှိရသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အက်စတာနာမြို့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)