ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့)တွင် အစဉ်အလာမပျက် မွန်ရိုးရာဓလေ့ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့)တွင် အစဉ်အလာမပျက် မွန်ရိုးရာဓလေ့ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်





ပေါင်၊ စက်တင်ဘာ ၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့)တွင် အစဉ်အလာမပျက် မွန်ရိုးရာဓလေ့ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲကို ယမန်နေ့ နံနက် (၄)နာရီမှစတင်၍ ပေါင်မြို့နယ် ကျိုက်ပေါင်း ဆံတော်ရှင် စေတီတော်မြတ်နှင့် မြို့နယ်အတွင်းရှိ ဘုရားများနှင့် ဘုန်းကြီးကျောင်းတိုင်း၌ ဘုရားရှင်အား သင်္ဘောပေါ်၌ အသီးနှင့်လှူဖွယ်ပစ္စည်းအမျိုးမျိုး ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြောင်းသိရသည်။

မွန်လူမျိုးတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို အလွန်လေးနက်ကိုင်းရှိုင်းသော လူမျိုးဖြစ်သည်နှင့်အညီ( ၁၂ )လရာသီပွဲများ နှင့်ကောင်းမှုကုသိုလ်အမြဲကျင်းပလေ့ရှိကြသည်။တော်သလင်းလပြည့်နေ့တွင် ရပ်/ရွာတိုင်းရှိ မွန်ဘုန်းတော်ကြီးကျောင်း တို့တွင် မိမိတို့ စွမ်းနိုင်သမျှ လုပ်အား အလှူငွေများဖြင့် စိတြဒူတသင်္ဘောပုံသဏ္ဍာန် ဖန်တီးတည်ဆောက်ကာ ဆွမ်း,တံခွန်, ကုက္ကား, ပန်း, နံ့သာ, သစ်သီး ကွမ်း ဆီမီး-စသော လှူဖွယ်ဝတ္ထု အမျိုးမျိုးတို့ဖြင့် ယင်းသင်္ဘော၏ ကုန်းပတ်ပေါ်တွင် တင်လှူပူဇော်ခဲ့ကြသည်။ မွန်လူမျိုးတို့သည် ဆွမ်းတော်တစ်ထောင် ခေါ် ဆွမ်းတော်ကြီးတင်လှူပွဲကို တော်သလင်းလဆန်း(၁၄)ရက်နေ့ညနေ့ ပိုင်းမှာ လှူဖွယ်ပစ္စည်းများကို  ဆက်ကပ်ပူဇော်မည့်နေရာသို့ ကြိုတင်သွားရောက်၍ အာရုံတက်အမှီဆက်ကပ်နိုင်ရန် ရိုးရာမပျက် ကောင်းမှုကုသိုလ်တော် ပြုလုပ်နေကြသည်ကို ယခုထိတိုင်အောင်တွေ့မြင်နေရ‌သည်။

ဓမ္မစေတီမင်းလက်ထက် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် သီလစင်ကြယ်သော သာသနာပြု ရဟန်းတော်များ မွေးထုတ်နိုင်ရန် သီဟိုဠ် (သီရိလင်္ကာ) သို့ မွန်သံဃာတော် ၄၄-ပါးကို ဓမ္မစေတီမင်းက ရာမဒူတသင်္ဘော နှင့် စိတြဒူတသင်္ဘော ထို့သင်္ဘောနှစ်စီး ဖြင့် စေလွှတ်တော်မူခဲ့သည်။ သံဃာတော် ၄၄-ပါးတို့က ကလျာဏီသိမ်တွင် ရဟန်းအသစ် ခံယူကြကာ အပြန်ခရီးစဉ်တွင် သင်္ဘောနှစ်စီးအနက် ရာမဒူတသင်္ဘောက ခရီးစဉ်ချောမွေ့စွာ ပြန်ရောက်နိုင်ခဲ့ပြီး စိတြဒူတ သင်္ဘောကား လေပြင်းမုန်တိုင်း မိသဖြင့် သင်္ဘောမမှောက်သည့်တိုင် လိုရာခရီး ပန်းတိုင်ဆီ အပြီးမဆိုက်ရောက်နိုင်ခဲ့ပါ။ပျောက်နေသည့် သင်္ဘောတစ်စီးပေါ်ပါ ရဟန်းသံဃာတော်များ ဘေးအန္တရာယ်မကျရောက် ရလေအောင် မင်းနှင့်တိုင်းသူပြည်သူအပေါင်းက ဆုတောင်းဝတ်ပြု ကြရာ စိတြဒူတသင်္ဘောပုံသဏ္ဍာန် ဖန်တီးတည်ဆောက်ပြီး တော်သလင်းလပြည့် မနက်အာရုံချိန်တွင် သင်္ဘောတွင် လှူဖွယ်ဝတ္ထုအစုစုကို စုပေါင်းထည့်ပြီး ကပ်လှူပူဇော်ပွဲ အသွယ်သွယ်တို့ဖြင့် ဘုရားအား ကပ်လှူပူဇော် သီလခံယူဆောက်တည်း တရားနားယူခြင်း ကုသိုလ်ပြုလုပ်ကြသည်။ တော်သလင်းလဆုပ် နှစ်ရက်မှာ စိတြဒူတသင်္ဘော ကောင်းမွန်ချော်မွေ့စွာ ပြန်ရောက်လာသည်ကို မင်းနှင့်တိုင်းသူပြည်သားများ မြင်၍ ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြိုဆို ပူဇော်ကြသည်။သင်္ဘောပျောက် အန္တရာယ်ကျရောက်နေသည့် ရဟန်းသံဃာတော်များအား ဘေးရန်ခပ်သိမ်း ကင်းငြိမ်စေလိုသော ရည်မှန်းချက်ဖြင့် ဆွမ်းတော်ကြီးတင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်‌ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)